ကြိမ်လိုကွေးညွှတ် တိမ်လိုရွေ့လျား
၁။ ကြိမ်လိုကျင့်သူ သူတို့ ကိုယ့်ကို လက်ဖျားနဲ့တောင်မထိခဲ့ပါဘူး။ ဒါပေမယ့် အခန်းလေးတခန်းထဲမှာ ထည့်ထားခဲ့တယ်။ လူချောလူလှ ၁၆နှစ်သားလေး အရွယ်ရောက်တဲ့အချိန်လောက်အထိပေါ့။ ကိုယ်တယောက်တည်း အခန်းငယ်တခန်းထဲမှာ စကားပြောဖေါ်မရှိ၊ စာမရေးရ စာမဖတ်ရပဲ နေရတာ ကြာလာတဲ့အခါ ကိုယ့်ဖါသာ ဘာလိုလို့ လိုနေမှန်းကို မသိတော့သလိုဖြစ်လာတယ်။ ဒီလိုနေရင်းနဲ့ ဆယ်နှစ်လောက်ကြာလာတော့ နေရာအသစ်တခုကို ပြောင်းဖို့ကြုံလာတယ်။ အဲဒီနေရာကို သွားတဲ့လမ်းမှာ အသံသဲ့သဲ့လေးတသံ ..... ဟာ ဒါကလေးငိုသံပဲ ...... ကြည့်စမ်း ... ငါဒီလိုအသံမျိုးတွေ မကြားရတာ ဆယ်နှစ်လောက်တောင်ကြာခဲ့ပြီရောဆိုတဲ့အသိ ဖျတ်ကနဲ ဝင်လာတယ်။ တလောကလုံးနဲ့ ကိုယ့်ကိုအဆက်ဖြတ်ထားခဲ့တာပဲ။ ဒီကာလရှည်ကြီးကို တနေ့ချင်း ကိုယ်ကျော်ဖြတ်ခဲ့တယ်။ ဒီလိုကျော်ဖြတ်နိုင်အောင် ကိုယ့်ကို အဓိက အထောက်အပံ့ပေးခဲ့တဲ့အကြောင်းတရားသုံးခုရှိတယ်။ ပထမတခုက ဗုဒ္ဓရဲ့တရား “ ဓမ္မ ” ပေါ့။ ပြီးတော့ ကိုယ်ကျင့်တဲ့တရားနဲ့ ကိုယ်လုပ်တဲ့အလုပ်အပေါ် ယုံကြည်မှုပေါ့။ နောက်ဆုံးတခုကတော့ ဘယ်လိုအခက်အခဲပဲကြုံကြုံ ရယ်ပွဲဖွဲ့နိုင်တဲ့ ပေါ့ပါးတဲ့စိတ်တခုပေါ့။ ပြီးတော့ က...

