၉၀ လူငယ်၊ ၂၀၂၀ လူကြီး (၁)

(၁)
ရွေးကောက်ပွဲ နီးလာလေလေ အနှစ်၃ဝလောက် အသက်ပိုကြီးလာတာကို တွေးမိလေလေဖြစ်ရင်း ငါတို့နိုင်ငံကြီး ဒီအနှစ်၃ဝအတွင်း ဘာတွေများပြောင်းလဲ သွားပါလိမ့်လို့ အတိတ်ကိုပြန်လှည့်ကြည့်မိတယ်။ ဂိမ်းဆော့နေတဲ့ ကျွန်မသား မတော်တဆဖတ်ဖြစ်ခဲ့ရင်လည်း သူတို့လူငယ်ဘဝနဲ့ ကျွန်မတို့လူငယ်ဘဝတွေ ဘယ်လိုကွာခြားသလဲဆိုတာ သိရတာပေါ့။
အသက်နှစ်ဆယ်ပြည့်တော့မယ့် ကျွန်မသားကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးဖို့ထက် ကွန်ပျူတာတစ်လုံးနဲ့ ဂိမ်းဆော့ဖို့ကို ပိုစိတ်ဝင်စားပုံရတယ်။ ကိုယ်တွေသူ့အရွယ်တုန်း ကတော့ နိုင်ငံရေးဆိုတာ သွေးထဲမှာတဆတ်ဆတ်ခုန်နေတဲ့ ခံစားချက်အသစ်အဆန်း တစ်ခုပေါ့။
၉ဝရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေး အတွက် မကွေးမြို့နယ်ထဲက ရွာ၂၅ရွာလောက်မှာ ကိုယ်စားလှယ်လောင်း ဗိုလ်ကြီးဟောင်း ဦးကျော်မြင့် (ဦးကျော်) အတွက် သူငယ်ချင်းတသိုက် မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ကြဖူးတယ်။ NLD ကိုချစ်လွန်းလို့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်လွန်းလို့တော့ မဟုတ်၊

စစ်အာဏာရှင်စနစ်ကို ခါးသီးလွန်းလို့ “NLD အောင်နိုင်ရေးကို ဝန်းရံခြင်းမှတပါး အခြားမရှိ” ဆိုတဲ့ စိတ်တစ်ခုထဲနဲ့ ဦးကျော်နောက်ကို လိုက်ခဲ့ကြတယ်။ ဦးကျော်ရဲ့ဖြစ်တည်မှုတစ်ခုဖြစ်တဲ့ စစ်သားဟောင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို နည်းနည်းလေးမှ ထည့်မစဉ်းစားဖြစ်ခဲ့ဖူး။ သေချာတာကတော့ အဲဒီအချိန်ကတည်းက “စစ်အာဏာရှင်စနစ်” နဲ့ “စစ်တပ်”ကို ကွဲကွဲပြားပြား မြင်တတ် ခဲ့တယ်။
ပထမဆုံးစည်းရုံးရေးသွားဖြစ်တဲ့ရွာက ကျွန်မတို့အဖွဲ့ထဲက ရောင်းရင်းကြီး ကိုခင်မောင်စိုးမင်းတို့ ကြာကန်ရွာ၊ ကျွန်မအဖေ အလယ်တန်းကျောင်းအုပ်အဖြစ် တာဝန်ကျဖူးတဲ့ရွာမို့ ကျွန်မအတွက်တော့ သိပ်မစိမ်းလှတဲ့ရွာပေါ့။ ကြာကန်က ရွာကြီးတစ်ရွာဖြစ်တာရော လူခံရှိတာရောကြောင့် နေရေးစားရေး ဘာအခက်အခဲမှ မရှိခဲ့ဘူး။ အိမ်သာလည်းရှိ၊ ဂီတာလည်းရှိမို့ ညဖက်လသာသာ ကိုစိုးမင်းတို့ အိမ်ရှေ့မြေကွက်လပ်မှာ သီချင်းတွေ ၀ိုင်းဖွဲ့ဆိုခဲ့ကြတာ မမေ့နိုင်စရာဖြစ်ခဲ့တယ်။ အမှတ်အရဆုံး သီချင်းကတော့ မကွေးပြည်တော်သာသား (ရန်ကုန်တက္ကသိုလ် ဘူမိဗေဒကျောင်းသား) ကိုဇော်မင်းခိုင်ရဲ့ “အုန်းသီးပေါင်မုန့် ပဲပေါင်မုန့်” သီချင်းပေါ့။ စည်းရုံးရေးခရီးအဖွင့်ကလေးကတော့ လှခဲ့ပါရဲ့။ ဒါပေမယ့် နောက်ရက်တွေကျမှ တကယ့်ကျေးလက်ဘဝတွေထဲ ထဲထဲဝင်ဝင် ရောက်ခဲ့ကြရတာ။
တိုက်တိုက်ဆိုင်ဆိုင် ဒီတလောမှ မဇ္ဇျိမတီဗီမှာလာတဲ့ ‘Toilet’ ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားကို ကြည့်ဖြစ်တော့ ကိုယ်သွားဖူးခဲ့တဲ့တချို့ ရွာတွေမှာ ညဖက်ကျမှ ရွာထဲကမိန်းမငယ်တွေ နဲ့အတူ မီးအိမ်လေးတွေကိုင်ပြီး ရွာအပြင် ချောင်းစပ်မှာ အပေါ့အလေးသွားစွန့်ရတာကို သတိရမိတယ်။ အိန္ဒိယမှာ ဖြစ်နေတာတွေနဲ့ တစ်ထပ်တည်းပါပဲ။ တချို့ ရွာတွေမှာတော့ တစ်ရွာလုံးပေါင်းမှ ဧည့်သည်စောင်သည် လာရင်သုံးဖို့ အိမ်သာတစ်လုံးပဲ သူကြီးအိမ်မှာ ရှိပြီး အိမ်သာတွင်းက အမြဲပြည့်နေတတ်တယ်။
ရွာတစ်ရွာဝင်လိုက်တာနဲ့ ရွာလယ်မှာတွေ့ရတာက ဗိုက်ပူနံကား ကိုယ်ဂျီးတုံးနဲ့ ဆော့နေ ကြတဲ့ ကလေးငယ်တွေပဲ။ ရေရှားလို့ ရေမှန်မှန်ချိုးရပုံမပေါ်တဲ့ နှပ်ချီးတွဲလောင်းနဲ့ ကလေးလေးတွေဟာ အမြဲလိုညစ်ပတ်ပေတူးနေတတ်တယ်။ သူတို့သောက်တဲ့ရေတွေက အနယ်အနှစ်တွေနဲ့ ညိုဝါနေတဲ့ ချောင်းရေ ကန်ရေတွေ၊ ကန်ရေသောက် မြက်ခြောက်စား ဆိုတဲ့ အသုံးအနှုန်းဟာ တချိန်က ကျေးလက်သူကျေးလက်သားတွေကို နှိမ်ချသလိုဖြစ်ခဲ့ ပေမယ့် သူတို့ရဲ့ တကယ့်ဘဝတွေကို ထင်ဟပ်တာတော့ အမှန်ပဲ။
မဲဆွယ်စည်းရုံးရေး စကားပြောပြီ ဆိုရင် ရှေ့ဆုံးမှာတွေ့ရတတ်တာက အဲဒီကြောင်ချေးရုပ်နဲ့ ပေတလူးလေး တွေပေါ့လို့ ဦးကျော်က အမှတ်တရပြန်ပြောတတ်တယ်။ ပြောတာတွေသာ တစ်လုံးမှ နားမလည်ပေမယ့် လက်ခုပ်တီးရမှာကိုတော့ ကလေးတွေက နားလည်ကြပုံပါပဲ။
အဲဒီခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းကိုသာ ရွာတွေကသိကြပြီး ဒေါ်အောင်ဆန်းစုကြည် ဆိုတာကို သိပ်မသိကြသေးပါဘူး။ ရွာတွေရောက်ရင် ကျွန်မတို့ကျောင်းသားအုပ်စုက “ကမ္ဘာမကြေဘူး” သီချင်းကိုဆိုတယ်။ “စုနိုင်မှ ချမ်းသာမည်” သီချင်းကိုဆိုတယ်။ ရွာကလူတွေက ပါးစပ်အဟောင်းသားနဲ့ ကျွန်မတို့ဆိုသမျှ ပြောသမျှ နားထောင်ကြ၊ လက်ခုပ်တွေတီးကြပေါ့။ သူတို့မွေးထားတဲ့ ကြက်ကလေးတွေကတော့ ကျွန်မတို့လာတာ မြင်တာနဲ့ ထွက်ပြေးကြတော့တာပါပဲ။
အဲဒီတုန်းက တစ်ရွာနဲ့တစ်ရွာကူးဖို့ ခြေလျင်လျှောက်ကြရတာများတယ်။ ရိက္ခာအိတ် ထမ်းတဲ့သူကထမ်း၊ အဝတ်အိတ်ထမ်းတဲ့သူကထမ်းပေါ့။ နေပူကျဲတဲမှာ ဒေါင်းနေချောင်း ချောင်းပြင်ကျယ်ကြီး တမျှော်တခေါ်ကို လမ်းလျှောက်ဖြတ်ကူးပြီး ချောင်းတစ်ဖက်ကရွာကို သွားရတာမျိုးလည်း ရှိတတ်တယ်။ ချောင်းထဲက လက်ယက်တွင်းတွေမှာ သောက်ရေတစ်အိုးရဖို့ အချိန်အကြာကြီးစောင့်ခပ်ကြရတဲ့ ရွာသူကလေးတွေကိုလည်း မကြာမကြာ တွေ့ရတယ်။ ချောင်းရိုးအစပ်တွေမှာ ညဖက်က အပေါ့အလေးစွန့်ထားတဲ့ မိုင်းကွင်းတွေကို မနင်းမိအောင်လည်း အတော်သတိထား ရှောင်ကြရတယ်။
ကျွန်မတို့လိုပဲ တခြားကျောင်းသားအဖွဲ့တွေဝိုင်းရံတာက ဒေါ်ချိုချိုကျော်ငြိမ်းပါတီ၊ ၀ိဓူရသခင်ချစ်မောင်ပါတီနဲ့ ဦးအောင်ကြီးပါတီတို့ပေါ့။ အခုတော့ ပါတီနာမည်တွေတောင် သေချာမမှတ်မိတော့ပါဘူး။ တချို့ ရွာတွေမှာ သူတို့နဲ့ အပြိုင်ဟောရပြောရတာတွေလည်း ရှိတတ်ပါတယ်။
လင့်မြင့်ဆိုတဲ့ရွာကိုသွားတော့ ရွာအဝင်မှာ မြွေပွေးနှစ်ကောင်မိတ်လိုက်နေတာတွေ့လို့ ကျွန်မတို့အဖွဲ့ထဲက ကိုဇော်မင်းခိုင်က သူဝတ်လာတဲ့တီရှပ်ကလေးကို ကပျာကယာ ချွတ်တဲ့ပြီး အဲဒီမြွေနှစ်ကောင် အပေါ် သွားအုပ်တယ်။ အဲဒီအင်းကျီဆောင်ရင် စန်းပွင့်တယ် ဆိုလို့လေ။ သူ့ခမျာ စန်းပွင့်သလားတော့မမေးပါနဲ့ အသက်ငါးဆယ်ကျော်ပြီး တလောလေး ကမှ အိမ်ထောင်ကျရှာတယ်။ လင်းမြင့်ရွာက ကျွန်မတို့စတည်းချခဲ့တဲ့ အိမ်က မူလတန်း ကျောင်းသူကလေး စီစီမိုးက အခုတော့ မကွေးမြို့ မှာ အောင်မြင်တဲ့ လူငယ်လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေခဲ့ပြီ။
စည်းရုံးရေးခရီးစဉ်တွေအပြီးမှာတော့ မသန့်ရှင်းတဲ့ရေနဲ့ မသန့်ရှင်းတဲ့ အစားအသောက် အနေအထိုင်တွေကနေတဆင့် ကူးစက်တဲ့ အသည်းရောင် အသားဝါပိုးကြောင့် တစ်ပါတ်လောက် ဆေးကုယူရတယ်။ အဲဒီ မသန့်ရှင်းမှုတွေထဲမှာ တစ်သက်လုံးနေလာ ကြရတဲ့ ကျေးလက်ကမိတ်ဆွေတွေမှာ မမြင်ရတဲ့ရောဂါပိုးတွေ ဘယ်လောက်များ ကူးစက်ခံထားရပြီလဲလို့ တွေးမိတော့ စိတ်လေးမိခဲ့ဖူးတယ်။
၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရတော့ တစ်ညလောက်တော့ အတော်ပျော်ခဲ့ကြ သေးတာ။ ဒါပေမယ့် ပျော်လို့မှမဆုံးသေးဘူး ကြာကန်ရွာက ကိုစိုးမင်း တောခိုသွားပြီဆိုတဲ့ သတင်း ကြားရတော့ ဒီတစ်သက်ပြန်မတွေ့ရတော့ဘူးထင်လို့ စိတ်ထဲမှာ အတော်ဝမ်းနည်း ခဲ့ကြတယ်။ နောက်၁၆နှစ်လောက်အကြာ ချင်းမိုင်က DVB ရုံးမှာ သူတာဝန်ကျတဲ့အခါ ပြန်ဆုံရမှ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း အလွမ်းသယ်ဖြစ်ကြတယ်။
၉၀ ရွေးကောက်ပွဲစည်းရုံးရေးမှာ အတူသွားခဲ့ကြတဲ့သူငယ်ချင်းဆယ်ယောက်ဟာ အနှစ်သုံးဆယ်အတွင်းမှာ ကိုယ့်ကျွမ်းကျင်ရာနယ်ပယ်မှာ ကိုယ်ဝါသနာပါရာ အလုပ်ကိုယ်စီ လုပ်နေခဲ့ကြပြီ။
ဇာတ်ပေါင်းတော့ ကိုမျိုးဇော်က ဒါရိုက်တာရီဇော်ဖြစ်လာ၊ ရဲမိုးက ရန်ကုန်သတင်းစာပညာ သင်တန်းကျောင်းတည်ထောင်သူ သတင်းစာဆရာဖြစ်လာ၊ ကိုဇေက ကဗျာဆရာ၊ စာရေးဆရာ “ညလယ်မိုး” ဖြစ်လာသလို ကုမ္ပဏီကြီးတစ်ခုမှာလည်း အင်ဂျင်နီယာဖြစ်လာ၊ ကိုခင်မောင်စိုးမင်းက အမေရိကားအခြေစိုက် သတင်းမီဒီယာသမားဖြစ်လာတယ်၊ ကိုထွေး (ရဲထွေး)က ကုမ္ပဏီကြီးတစ်ခုရဲ့ Think Tank leader ၊ ကျွန်မတို့က “ဇီ”လို့ ချစ်စနိုးခေါ်တဲ့ ကိုဇော်မင်းကြည်က မကွေးဂျာနယ်တည်ထောင်သူ သတင်းစာဆရာ၊အယ်ဒီတာ၊ အသက်ကြီးကာမှ စွံသွားတဲ့ ကိုဇော်မင်းခိုင်ကတော့ သူ့မိန်းမနဲ့အတူ တနယ်တကျေးမှာ စီးပွါးရေးလုပ်ငန်းတစ်ခုလုပ်ရင်း အခြေစိုက်နေလေရဲ့၊ ကျွန်မအစ်ကိုလေး ကိုအောင်ခိုင်ငြိမ်း ကတော့ သူဖြစ်ချင်တာတွေဘာတစ်ခုမှ မဖြစ်ရသေးခင် အသက်၂၆နှစ်မှာပဲ အစောဆုံး ကြွေလွင့်ခဲ့ ရတယ်။ သူ့နောက်မှ ကိုဆွေက Beauty မဂ္ဂဇင်းမှာ စာရေးဆရာ၊ အယ်ဒီတာ လုပ်နေတုန်းမှာ ကွယ်လွန်သွားခဲ့ရှာတယ်။ ၉ဝလောက်ကတည်းက ပေလွှာဖူးသစ်ကဏ္ဏမှာ စာတွေမတောက်တခေါက်စရေးနေပြီ ဖြစ်တဲ့ ကျွန်မကတော့ ခုချိန်ထိ စိတ်လိုလက်ရ ရှိတိုင်း စာတွေဆက်ရေး နေတုန်းပါပဲ။ အနှစ်၃ဝဆိုတာ ဘယ်လောက်မှ ကြာလိုက်သလို မထင်ရပေမယ့် သွားနှင့်သူတချို့ သွားနှင့်ရစ်ကြသလို ကျန်ရစ်သူတွေကတော့ နိုင်ရာဝန် ကိုယ်စီထမ်းနေကြဆဲပေါ့။
၂၀၁၅ရွေးကောက်ပွဲမတိုင်ခင်မှာ ကြာကန်ရွာကို အုပ်စုလိုက် အမှတ်တရ ပြန်သွားဖြစ် ကြတယ်။ ဒီလောက်နှစ်တွေသာ ကြာသွားတယ်၊ ကြာကန်ရွာမှာ သိသိသာသာ ပြောင်းလဲသွားတာဆိုလို့ ဆိုင်ကယ်တွေပေါလာတာနဲ့ လူနေအိမ်ခြေ သိသိသာသာ တိုးလာတာလောက်ပဲ ရှိတယ်။ လမ်းတွေက အရင်ကထက်တော့ နည်းနည်းပိုကောင်း လာပုံပါပဲ။
တကယ်တော့ ဒါကလည်း သိပ်တော့ အဆန်းမဟုတ်လှပါဘူး၊ ရန်ကုန်က နေ့ချင်းပြန် သွားရင်ရောက်တဲ့ ကော့မှုးလိုနေရာမျိုးမှာတောင်မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းဘဝနဲ့ ၂၀၁၂မှာ ပထမဆုံးစည်းရုံးရေးခရီးထွက်တုန်းက ဖုံတထောင်းထောင်း ကျေးလက်ပါပဲ။ ၂၀၁၅မှာ တစ်ခေါက်ပြန်ရောက်တော့မှ လမ်းတွေ အတော်ကောင်းလာတာ တွေ့ခဲ့ရတာ။
အခုတော့ ကျွန်မတို့ သူငယ်ချင်းတွေအားလုံးလိုလိုမှာ ၂၀၂ဝမှာ ဒါမှမဟုတ် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မဲပေးရတော့မယ့် မျိုးဆက်အသစ်ကလေးတွေ ကိုယ်စီကိုယ်စီ ရှိနေကြပြီပေါ့။ အနှစ်သုံးဆယ်ဆိုတာ ကြာကန်ရွာအသွားလမ်းခုလတ်မှာ ဖြတ်သန်းခဲ့ရတဲ့ တောင်ကျချောင်းရေတွေလိုပဲ ကျွန်မတို့အားလုံးရဲ့ ဘဝတွေကို ကြမ်းကြမ်းရှရှ တိုက်စား သွားခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်မတို့ရဲ့ အသစ်အသစ်သော မျိုးဆက်တွေ အတွက် ဘယ်လိုနိုင်ငံတော်သစ်မျိုးကို လက်ဆောင်ချန်ထားရစ်ခဲ့မလဲဆိုတာ ခုထိတော့ မရေရာလှသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မသေမချင်းတော့ ဆက်ပြီး ထုဆစ်ကြရအုန်းမှာ ပဲလေ။
စိတ်လိုလက်ရရှိတိုင်း ရေးပါအုန်းမယ်။

မွန်မွန်မြတ်

Comments