စိတ်ကူးယဉ်ရဲတိုက်

မြတ်

အိပ်ယာဝင်ပုံပြင်ထဲက နေရာတစ်နေရာကို ရောက်လာခဲ့ပြီလို့တော့သိလိုက်တယ်။ ဒါပေမယ့် ဒါဟာ စင်ဒရဲလားရဲ့ရဲတိုက် လို့တော့ ဘယ်ထင်ခဲ့ပါ့မလဲ၊
ဥယျာဉ်ထဲမှာ အစာရှာနေကြတဲ့ယုန်ကလေးတွေကို စတွေ့ရတယ်။ အရောင်စုံ အသွေးစုံ လိပ်ပြာတွေက ပျံဝဲလို့၊ ထင်းရှုးပင်တွေ ချယ်ရီပင်တွေ အမျိုးအမည်မသိတဲ့ အုပ်အုပ်ဖါးဖါး သစ်ပင်ကြီးတွေကြားမှာ ၁၄ရာစုနှောင်းပိုင်း Gothic စတိုင်ဆောက်ထားတဲ့ အဆောင်ဆောင်အခန်းခန်းနဲ့ ရဲတိုက်ကြီး…။
အိမ်တော်စောင့် မိန်းမပျိုလေးက တည်းခိုရမယ့်အခန်းကို လိုက်ပြတယ်။ သူ့မျက်နှာက အနောက်တိုင်းမဆန်ပဲ စိန့်တိုင်းက တရုပ်မလေးတွေလို ဖြူဖြူသွယ်သွယ် မေးရိုးကျကျ မျက်ကြောစင်းစင်းနဲ့၊ ဓါတ်လှေကားနဲ့ငါးထပ်အထိတက်လာပြီး တည်းရမယ့် အခန်းကိုလိုက်ပို့တယ်။
ရဲတိုက်ပေါ်က လှမ်းကြည့်လိုက်တဲ့အခါ အရပ်လေးမျက်နှာမှာ ကာဆီးနေတဲ့ တောင်တန်းတွေ…၊ နီနီရဲရဲအုတ်ကျွပ်ခေါင်မိုးတွေပေါ်မှာ အုပ်စုလိုက် ကစားလိုက် နားလိုက်လုပ်နေကြတဲ့ အသွေးအရောင်စုံ ငှက်ကလေးတွေ…၊
တံခါးပိတ်ထားတဲ့ အခန်းတွေအများကြီးရှေ့က ဖြတ်ပြီးသွားရတော့ ဘေးတစ်ဖက်တစ်ချက်မှာ နံရံဆေးရေးပန်းချီတွေအပြည့်…၊ ရွှေဖရုံသီးကိုထွင်းပြီးလုပ်ထားတဲ့ စီးတော်ယာဉ်ရထားလုံးကလေးကို စတွေ့တဲ့အချိန်မှာတော့ စင်ဒရဲလားရဲ့ ရဲတိုက်ကြီးမှန်းသိလိုက်ပြီ။ ကြွားကြွားရွားရွား မြင်းဖြူကြီးတွေ၊ စင်ဒရဲလားရဲ့ နတ်သမီးမိခင်တွေက နံရံဆေးရေးပန်းချီတွေထဲမှာ အသက်ဝင်နေလိုက်တာ…။
၅၀၆ ဆိုတဲ့ဂဏန်းကို ပုရပိုဒ်ပြားပုံစံထွင်းထားတဲ့ သစ်သားတုံးပေါ်မှာရေးထားတဲ့ အခန်းတစ်ခန်းရှေ့မှာရပ်ပြီး တည်းရမယ့်နေရာလို့ အိမ်တော်စောင့်မိန်းမပျိုလေးက အမူအယာနဲ့ပြတယ်။
ကြေးတံခါးဘုကိုဖွင့်လိုက်ပြီး သော့တံကို နံရံမှာကပ်ထားတဲ့ အပေါက်ကလေးထဲကို ထည့်လိုက်မှ မီးလင်းလာတယ်။ပန်းနုရောင်ဖွဖွသုတ်ထားတဲ့ အခန်းနံရံတွေက ကလေးဘဝတုန်းက အိပ်ယာဝင်ပုံပြင်နားထောင်ပြီးတိုင်း မက်တတ်တဲ့ အိပ်မက်တွေထဲကအတိုင်းပဲ၊ ပွတ်လုံးတွေပါတဲ့ အဖြူရောင်ကုတင်ကြီးက အခန်းရဲ့ အလည်ခေါင်မှာ၊ ကုတင်ခေါင်းရင်းမှာတော့ ပန်းပွင့်တွေအပြည့်ချယ်ထားတဲ့ နံရံတစ်ခုရှိတယ်။
အဖြူရောင်မျက်နှာကြက်အမိုးပေါ်မော့ကြည့်လိုက်ရင် တွဲရရွဲကျနေတဲ့ မိတ်ကပ်ရောင်နှင်းဆီပွင့်တွေကြားမှာ ချိတ်ဆွဲထားတဲ့ မီးဆိုင်းတစ်ခုကိုတွေ့ရတယ်။
အညိုရင့်ရောင်ကတ္တီပါခန်းဆီးကိုဖွင့်ကြည့်မိတော့ ဘေးကိုတွန်းရွှေ့လို့ရတဲ့ မှန်တံခါး၊ တံခါးအပြင်ဖက်မှာတော့ တောင်စဉ်ခုနှစ်သွယ်ကို မျက်နှာမူထားတဲ့ လသာဆောင် တစ်ဆောင်ရှိတယ်။
ပိုးသားအဖြူရောင်အိပ်ယာဖုံးခင်းထားတဲ့ အိစက်နေတဲ့မွေ့ယာပေါ်လှဲချလိုက်ရင်းက စင်ဒရဲလားရဲ့ဖိနပ်လေး ဘယ်မှာပါလိမ့်လို့ သိချင်လာတယ်။
+++++
ကုတင်ခြေရင်းက ကတ္တီပါခြေသုတ်ဖုံပေါ်မှာ ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ဖန်သားနဲ့လုပ်ထားတဲ့ဖိနပ်ပါးတစ်ရံ၊ ဘာရယ်မဟုတ် စီးကြည့်မိလိုက်တော့ လျောကနဲဝင်သွားတာနဲ့ အခန်းထဲရှေ့လျှောက်နောက်လျှောက်စီးကြည့်နေတုန်း တံခါးခေါက်သံကြားလိုက်ရတယ်။ အိမ်တော်စောင့်မိန်းမပျိုလေးက လက်ဟန်ခြေဟန်နဲ့ အောက်ထပ်မှာ ဧည့်သည်ရောက်နေတယ်လို့ အကြောင်းကြားလာတယ်။ ဘယ်သူများပါလိမ့်…….။
ရဲတိုက်ရှေ့မီးရောင်မှိန်မှိန်အောက်မှာ ရွှေဖရုံသီးရောင် ဆလွန်းကားတစ်စင်း…။ ကားမောင်းသူနေရာမှာထိုင်နေတဲ့ နာရူတိုကာတွန်းရုပ်တစ်ရုပ်နဲ့ခပ်ဆင်ဆင်တူတဲ့ လူငယ်လေးက ကားပေါ်တက်ဖို့ လက်ဟန်ပြတယ်။ နောက်ခန်းထဲဝင်ထိုင်ပြီး လိုက်သွားရင်း မှောင်မည်းနေတဲ့ ရဲတိုက်ပရဝုဏ်ထဲက ထွက်ခဲ့တယ်။
မြေအောက်ဥမင်လိုဏ်ခေါင်းထဲကမောင်းထွက်လိုက်ပြီး သိပ်မကြာခင်မှာပဲ မီးရောင်စုံ ပြိုးပြက်ဝင်းလက်နေတဲ့ ရွှေမြို့တော်ကြီးထဲက လမ်းမတွေပေါ်ကိုရောက်လာခဲ့တယ်။ မြစ်ကူးတံတားတစ်ခုပေါ်ကဖြတ်တော့ မြစ်ကမ်းတစ်ဖက်တစ်ချက်မှာ စီတန်းနေတဲ့ စားသောက်ဆိုင်တွေ၊ ညကလပ်တွေကိုတွေ့ရတယ်။
ပါတ်ပါတ်လည်မှာ ရေကျုံးဝန်းရံထားတဲ့ နန်းမြို့ရိုးအဝင်တံခါးတစ်ခုကို ကျော်လာတယ်။ ကျုံးထောင့်တစ်နေရာက မီးရောင်မှိန်မှိန်ထွန်းထားတဲ့ ဂီတသံတွေအပြင်ကိုလျှံထွက်နေတဲ့ အိမ်တော်တစ်လုံးရှေ့မှာ ကားရပ်လိုက်ပြီး ကားမောင်းတဲ့လူငယ်လေးက ဆင်းလို့ရပြီလို့ အသိပေးတယ်။
အိမ်တော်အဝင်ဝမှာပဲ ၁၉ရာစုလောက်ကတည်းက အမေရိကမှာ ခေတ်စားလာခဲ့တဲ့ Jazz ဂီတဝိုင်းတစ်ဝိုင်းကိုတွေ့ရတယ်။ Louis Armstrong နဲ့ခပ်ဆင်ဆင်တူတဲ့ လူတစ်ယောက်က ထရမ်းပက်မှုတ်နေတယ်။ ခေါင်းငုံ့ပြီး ဒရမ်တီးနေတဲ့သူကတော့ အာရှသားတစ်ယောက်ဖြစ်မယ်ထင်ရဲ့၊ ဆံပင်အရှည်တွေကို အပြောင်သိမ်းပြီး နောက်မှာစည်းထားတဲ့ ကိုရီးယားမင်းသားတစ်ယောက်လို ရုပ်ခပ်ဖြောင့်ဖြောင့် လူငယ်တစ်ယောက်က သီချင်းဆိုနေတယ်။
အိမ်တော်အပေါ်ထပ် ပွဲကြည့်ဆောင်ပေါ်က ရှုစားနေတဲ့ပရိသတ်တွေကြားမှာ ခုနှစ်ပြည်ထောင် မင်းသားမင်းသမီးတွေ၊ ဇင်းမယ်တက္ကသိုလ်မှာတုန်းက ကျောင်းနေဖက် စိနတိုင်းသားအိမ်ရှေ့မင်းသား နဲ့ကြင်ယာတော် ထိုင်းမင်းသမီးကို ပရိသတ်ကြား လှမ်းတွေ့လိုက်လို့ အပေါ်ထပ်ပွဲကြည့်ဆောင်ပေါ်တက်သွားလိုက်တယ်။
မျက်နှာဝိုင်းဝိုင်း ပြုံးပြုံးရွှင်ရွှင် အိမ်ရှေ့စံကိုယ်တော်ကြီးက စပျစ်ရည်တစ်ခွက်နဲ့ ဧည့်ဝတ်ပြုတယ်။ ပွဲကြည့်ဆောင် ဘယ်ဖက်အခြမ်းမှာ ခြင်္သေ့တံဆိပ် ဗျစ်ရည်ပုလင်း ကိုင်ပြီး Jazz ဂီတထဲ စီးမျောနေတဲ့သူက ဗမာဘုရင်ကိုပုန်စားပြီး စကင်ဒီနေးဗီးယန်းမဲဇာ ရောက်သွားတဲ့ ကမ္ဘောဇတိုင်းက အိမ်ရှေ့စံကိုယ်တော်တစ်ပါးပေပဲ။ ဆဲလ်မွန်ငါးတွေ ဆီဦးထောပတ်တွေစားပြီး ပြည့်ဖြိုးလာလိုက်တာ မှတ်တောင်မမှတ်မိနိုင်အောင်ပဲ၊
တစ်ခွက်ပြီးတစ်ခွက် စပျစ်ရည်ရဲ့ တန်ခိုးနဲ့  Jazz ဂီတဟာ ပိုပြီးကြွလာတယ်။ ပွဲကြည့်ဆောင်ပေါ်က လှမ်းမြင်နေရတဲ့ ဂီတဝိုင်းထဲကို တွဲလွဲခိုဆင်းသွားလို့ရတဲ့ သံလှေခါးလေးပေါ်မှာ ကွေးနေအောင်ကနေတဲ့ မာရီလင်မွန်ရိုးကိုတောင် မြင်ယောင်မိလာရဲ့၊
မြူးကြွတဲ့ ဂီတသံမှာ ကျောက်ချထိုင်ရင်း ငြိမ်သက်နေရတာဟာ ကိုယ့်ခန္ဓာကိုယ်ကို သစ္စာဖေါက်နေရတာပဲ၊ စပျစ်ရည်နောက်တစ်ခွက်ဟာ ဖန်သားဖိနပ်တစ်ရံကို စည်းချက်နောက်လိုက်စေခဲ့တယ်။ ထိုင်းမင်းသမီးကလည်း သွယ်လျတဲ့ ခန္ဓာကိုယ်ကို ယိမ်းလို့နွဲ့လို့၊ ပွဲကြည့်ဆောင်ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ မောင်နှံနှစ်ဖေါ်က တစ်ယောက်နဲ့တစ်ယောက် မြွေနှစ်ကောင်လိုရစ်ပါတ်လို့ သူ့ရစ်သမ်နဲ့သူ..။
ကမ္ဘောဇတိုင်းကအိမ်ရှေ့စံကိုယ်တော်နဲ့ ဖန်ခွက်ခြင်းတိုက်မိတဲ့အသံက ခြွင်ကနဲ…၊ ကြမ်းပြင်ပေါ်မှာ ဖန်သားဖိနပ်တစ်ရံဟာ ဂီတနဲ့ စည်းချက်ကျကျ ကခုန်နေခဲ့ပြီ။
ဒီလိုနဲ့ စုန်းကဝေလို ဂီတက ပြုစားသမို့ ညသန်းခေါင်ကျော်မှန်းမသိကျော်သွားခဲ့တယ်။
သန်းခေါင်ယံဂီတပွဲပြီးဆုံးသွားလို့ ပွဲကြည့်ဆောင်က ဆင်းလာခဲ့တဲ့အချိန်မှာ ရွှေဖရုံသီးရောင် ဆလွန်းကားကို အရိပ်အယောင်တောင် မတွေ့ရတော့ဘူး။
လူသူကင်းမဲ့နေတဲ့ ကတ္တရာလမ်းမပေါ်မှာ အရောင်တလက်လက် ဖန်သားဖိနပ်လေးနဲ့ တစ်ယောက်တည်း လမ်းလျှောက်ပြန်ရတော့မယ်လို့တွေးနေတုန်း စိတ်ထားကောင်းတဲ့ မိတ်ဆွေထိုင်းမင်းသမီးနဲ့ကြင်ယာတော်က သူတို့ကားနဲ့ ရဲတိုက်အထိပြန်လိုက်ပို့ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။
ရွှေမြို့တော်ကြီးကတော့ ညခြုံလွှာအောက်မှာ ကောင်းကောင်းအိပ်မောကျနေခဲ့ပြီလေ။ အလာတုန်းကလိုမဟုတ်ပဲ လမ်းသွယ်တွေ လမ်းကျဉ်းကလေးတွေကြားက ဖြတ်မောင်းလာတော့ ဥမင်လိုဏ်ခေါင်းလမ်းမကြီးကိုလည်း မဖြတ်ခဲ့ရဘူး။ ဥယျာဉ်တွေ ခန်းနားတဲ့ အိမ်တော်ကြီးတွေ၊ တောအုပ်ငယ်ကလေးတွေကို တရိပ်ရိပ်ဖြတ်လာခဲ့တာကို မှိန်ဖျော့ဖျော့ လမ်းမီးတိုင်တွေကြားတွေ့ရတယ်။
ထိုင်းမင်းသမီးက “The Fancy House” လို့ရေးထားတဲ့ အဝါရောင်လမ်းညွှန်ဆိုင်းဘုတ် ထောင်ထားတဲ့ လမ်းသွယ်တစ်ခုထိပ်ကိုရောက်တော့ ကားရပ်ပြီး ရောက်ပြီလို့ ပြောလိုက်တယ်။
မဟုတ်သေးပါဘူး၊ တစ်ခုခုတော့ မှားနေပြီ။ ဒါစင်ဒရဲလားရဲ့ ရဲတိုက်မဟုတ်ဘူး၊ ဘယ်နေရာကိုများ ရောက်သွားပါလိမ့်၊ အယောင်ယောင်အမှားမှားနဲ့ ကားပေါ်ကဆင်းလိုက်မိတဲ့အချိန်မှာ ဖိနပ်ပါမလာခဲ့တာကို သတိရတယ်၊ ဒုက္ခပဲ….အဲဒါသူများဖိနပ်.… သိသိခြင်းလှမ်းအော်ပြောဖို့ လုပ်တဲ့အချိန်မှာ ကားကခပ်လှမ်းလှမ်းရောက်သွားပြီ။
ကြံရာမရတဲ့အဆုံး အဖြူရောင် လေးထောင့်သေတ္တာပုံးတစ်ခု ထောင်ထားသလိုမြင်ရတဲ့ ခြောက်ထပ်တိုက် အဆောက်အဦးတစ်ခုထဲကိုပဲ မှန်တံခါးတွန်းဖွင့်ပြီး ဝင်လိုက်တယ်။
ဝင်ဝင်ခြင်းပဲ အိပ်ယာဝင်ပုံပြင်ထဲက နေရာတစ်နေရာကို ပြန်ရောက်လာခဲ့ပြီ ဆိုတာ သိလိုက်တယ်။
ဥယျာဉ်ထဲမှာ အစာရှာနေကြတဲ့ယုန်ကလေးတွေကို ပြန်တွေ့ရတယ်။ အရောင်စုံ အသွေးစုံ လိပ်ပြာတွေက ပျံဝဲလို့၊ ထင်းရှုးပင်တွေ ချယ်ရီပင်တွေ အမျိုးအမည်မသိတဲ့ အုပ်အုပ်ဖါးဖါး သစ်ပင်ကြီးတွေကြားမှာ ၁၄ရာစုနှောင်းပိုင်း Gothic စတိုင်ဆောက်ထားတဲ့ အဆောင်ဆောင်အခန်းခန်းနဲ့ ရဲတိုက်ကြီး…။
ဓါတ်လှေကားထဲဝင်သွားပြီး နံပါတ်ငါး ခလုပ်ကိုနှိပ်လိုက်တယ်။ နံရံဆေးရေးပန်းချီကား တွေကြားကနေ၊ တံခါးပိတ်ထားတဲ့ အခန်းတွေအများကြီးရှေ့ကနေ ဖြတ်ပြီး အခန်းနံပါတ်(၅၀၆)ကို သွားရမယ်။

Comments