ဘာမန်နိုက်ဇေးရှင်းနဲ့ လိပ်ပြာတောင်ပံခတ်သံ (၁)
မွန်မွန်မြတ်
တောနက်ထဲက လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်လိုက်ရာကနေ ကြီးမားပြင်းထန်တဲ့ မုန်တိုင်းကြီးတွေ သက်ရောက်လာနိုင်တယ်ဆိုတဲ့ ကမောက်ကမဖြစ်စဉ်သီအိုရီ (Chaos Theory) အကြောင်း စဉ်းစားမိရင်းက ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးတဲ့ခေတ်တစ်ခေတ်ချင်းစီရဲ့ လိပ်ပြာတောင်ပံခတ်ခြင်းများဆီ အချိန်ရထားစီးပြီး ပြန်သွားကြည့်မိတယ်။
မြန်မာပြည်ရဲ့ ကမောက်ကမဖြစ်စဉ်ကြီးမှာတော့ စစ်အာဏာရှင်ဟောင်း ဦးနေဝင်းက လိပ်ပြာလေးတစ်ကောင် ဆိုကြပါစို့၊ သူရဲ့ နယ်ချဲ့ဆန့်ကျင်ရေးသူငယ်နာ မစင်တဲ့ မျက်ကန်းမျိုးချစ်ဝါဒက တော်လှန်ရေးကောင်စီ တက်တက်ချင်းမှာ ပထမဆုံးခတ်လိုက်တဲ့ တောင်ပံတစ်ချက်ပါပဲ။
ဒုတိယကမ္ဘာစစ်ကြီးရဲ့ ရိုက်ခတ်မှုဒဏ်နဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း တဖွဲဖွဲတောက်လောင်နေခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံတွေကြောင့် စစ်ဆိုရင် ရေတောင်စစ်မသောက်ချင် တော့တဲ့လူထုကို ငြိမ်သက်အောင်လုပ်ဖို့က အမျိုးသားရေးဆေး သာလျှင် အဲဒီအချိန်မှာ အစွမ်းအထက်ဆုံးဆိုတာ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတလျောက်လုံးမှာပါဝင်လာခဲ့တဲ့ ဗိုလ်နေဝင်းက အသိဆုံးဖြစ်ပါလိမ့်မယ်။
စစ်အာဏာရှင်စနစ်ဆိုတဲ့ ဆေးခါးကြီးကို အမျိုးသားရေးသကြားအုပ်ပြီး တိုက်ခဲ့တာကို ကျွန်မတို့ အဖိုးအဖွါး အဖေအမေတွေ မျိုချခဲ့ရတယ်။ ကျွန်မလူမှန်းသိတတ်စက အဖွါးက ဘုရားရှိခိုးပြီးတိုင်း မေတ္တာပို့တဲ့အခါ “ကျေးဇူးရှင်ကြီး ဦးနေဝင်း” လို့ နာမည်တပ်ပြီး ညတိုင်း မေတ္တာပို့လေ့ရှိတယ်။ ဘာလို့ဒီလိုလုပ်ရတာလဲလို့ မေးရင် “သူ့ကြောင့် အလံနီ အလံဖြူတွေရန်က ကင်းပြီး အဖွါးတို့ ဒီလိုအေးအေးချမ်းချမ်း နေနိုင်တာ” လို့ ပြန်ဖြေတတ်တယ်။ အမေကတော့ နှာခေါင်းရှုံ့ပြီး ဦးသန့်အရေးအခင်းတုန်းက ကျောင်းသားတွေကို “ဓါးဓါးချင်း လှံလှံချင်း”တုံ့ပြန်မယ်လို့ ဦးနေဝင်းကပြောခဲ့တာလို့ နာနာကျည်းကျည်းပြောတတ်ပါတယ်။
၁၉၆၂ခု စစ်အာဏာသိမ်းတာဟာ ၁၉၈၈ခု စစ်အာဏာသိမ်းတာနဲ့ ထူးမခြားနားပါပဲ၊ လက်ရှိအစိုးရအရာရှိတွေကို ရာထူးကဖယ်ရှားတယ်၊ နိုင်ငံရေးပါတီကြီးတွေက ခေါင်းဆောင်တွေမှန်သမျှ ထောင်ထဲပို့တယ်၊ ပါလီမန်ကိုဖျက်သိမ်းတယ်၊ အင်္ဂလိပ်အစိုးရနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ကြားဖြတ်အစိုးရတို့ ပူးပေါင်းရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေကိုဖျက်သိမ်းပြီး သူတို့စိတ်ကြိုက် ရေးဆွဲတယ်။
၁၉၆ဝခုနှစ်လောက်ကစာရင်းအရ လူဦးရေ သန်း၂၀ လောက်ပဲရှိသေးတဲ့ မြန်မာနိုင်ငံမှာ အင်ဒီးယန်းနွယ်ဖွါး ၅သိန်းလောက်နဲ့ တရုပ်နိုင်ငံသား ၃သိန်းလောက် ရှိခဲ့ဖူးတယ်။ ဗြိတိသျှကိုလိုနီအစိုးရလက်ထက်ကတည်းက နေလာခဲ့တဲ့ နိုင်ငံ့လူဦးရေရဲ့ ၄ရာနှုန်းလောက်ရှိတဲ့ လူမျိုးခြားတွေဟာ မူရင်းနိုင်ငံကို အလိုမတူပဲပြန်ပို့ခံခဲ့ရတယ်။
ဗိုလ်နေဝင်းရဲ့ အရာရာ ဗမာမှုပြုခြင်း မူဝါဒ (Burmanization Policy) ဆိုတဲ့ လိပ်ပြာတောင်ပံခတ်မှုကြောင့် ပထမဆုံး ရိုက်ခတ်ခံခဲ့ရတဲ့ လူသားဦးရေဟာ ၈သိန်းလောက် ရှိခဲ့ပါတယ်။
အဲဒီတောင်ပံခတ်မှုကလေးရဲ့ အကျိုးဆက်က ပညာရေး၊ စီးပွါးရေးနဲ့ မီဒီယာလွတ်လပ်ခွင့် စတဲ့ အခြားအခြားသော အခြေခံလူ့အခွင့်အရေးတွေကိုပါ ဆက်တိုက်ထိခိုက်စေခဲ့ပါတယ်။
ကိုလိုနီဆန့်ကျင်ရေးကာလက သုံးခဲ့တဲ့ မျိုးချစ်စိတ်ဓါတ်မြှင့်တင်ရေး ၀ါဒဖြန့်ချီရေး ဆောင်ပုဒ်တစ်ခုဖြစ်တဲ့ “ဗမာစာသည် တို့စာ” ဆိုတဲ့ အနောက်ဆန့်ကျင်ရေးမူကို ဆက်ကျင့်သုံးပြီး နိုင်ငံခြားဘာသာစကား သင်တန်းကျောင်းတွေ အားလုံးရပ်ပစ်ခဲ့တာ၊ အနောက်နိုင်ငံတွေကို ပညာတော်သင်သွားဖို့ ခက်ခဲလာတာ၊ အစိုးရပညာတော်သင် လွှတ်ရင်လည်း ဆိုဗီယက်ယူနီယံနဲ့ ဥရောပနိုင်ငံအချို့လောက်ကိုပဲ စေလွှတ်တော့တာ စတာတွေကြောင့် ပညာရေးအဆင့်အတန်း တဖြည်းဖြည်းနိမ့်ကျလာခဲ့ပါတယ်။
နိုင်ငံခြားသတင်းစာတိုက်တွေကို ၀ါဒဖြန့်ချီရေး သတင်းမှားတွေထုတ်လို့ ဆိုပြီး ပိတ်ပစ်တယ်။ ပြည်သူပိုင်သိမ်းပစ်တယ်။ အစိုးရပိုင် သတင်းအေဂျင်စီတစ်ခုထောင်ပြီး မြန်မာနိူင်ငံရဲ့ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒနဲ့ မဆန့်ကျင်တဲ့ သတင်းတွေကိုပဲ ဖြန့်ခွင့်ပြုတယ်။
ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပစ်တာ၊ နိုင်ငံခြားကုမ္ပဏီတွေကို နိုင်ငံပိုင် လုပ်ပစ်တာတွေကြောင့် နိုင်ငံ့စီးပွါးရေးကမောက်ကမဖြစ်လာတယ်။ ဗိုလ်နေဝင်းရဲ့ တစ်ပါတီ အာဏာရှင်ကာလ ၂၆နှစ်လုံးလုံး ကျင့်သုံးခဲ့တဲ့ တံခါးပိတ်စီးပွါးရေးမူဝါဒကြောင့် တိုင်းပြည်စီးပွါးရေး ခြွတ်ခြုံကျလာခဲ့တယ်။
မိသားစု ၆ယောက်လုံးပေါင်းမှ တစ်စင်းပဲ ပိုင်တဲ့ တကျွီကျွီအသံမြည်နေတဲ့ မောင်ဗမာစက်ဘီးအိုလေးကိုနင်းပြီး အဖေအမေ ကျောင်းဆရာ ဆရာမအတွက် ဆန်၊ဆီ၊ ဆပ်ပြာခွဲတမ်းကို သမဝါယမဆိုင်မှာ လာထုတ်ဖို့ တန်းစီရတဲ့ ကျွန်မတို့ မျိုးဆက်ဟာ မဆလလိပ်ပြာတောင်ပံခတ်မှုရဲ့ အကျိုးဆက်ပါပဲ။
ဖွဲဆန်ကွဲကျိုးတွေ ခဲတွေ စပါးလုံးတွေ ရောနှောနေတဲ့ ဝန်ထမ်းဆန်ကြမ်းကို စကောထဲထည့် ရွေးကောက်သန့်စင်ပြီးမှ အဖွါးက ဆန်လတ်ဆန်ကွဲထုတ်လေ့ရှိတယ်၊ သိမ်းထားတဲ့ ဆန်လတ်ထမင်းကိုချက် နှမ်းဆီလေး ပါလေရုံဆမ်းပြီး ငပိဖုတ်နဲ့ စားရတာဟာ ငယ်ငယ်က နေ့တိုင်းနီးပါးစားခဲ့ရတဲ့ မနက်စာပါ။ အဖွါးသုံးတဲ့ဆီပုလင်းက အခုခေတ် လစ်ပိုပုလင်းမျိုးကို အဖုံးမှာအပေါက်ဖေါက်ပြီး ဆီတစ်စက်ခြင်း ဆမ်းလို့ရတဲ့ ပုလင်းမျိုးပါ။
ရွှေဝါဆပ်ပြာကို အဝတ်လျှော် ကိုယ်တိုက်ဆပ်ပြာ အနေနဲ့သုံးပြီး၊ ကာဘော်လစ်ဆပ်ပြာ အနီရောင်နဲ့မျက်နှာသစ်၊ Pepsodent သွားတိုက်ဆေးကိုတောင် နပ်မှန်အောင်မသုံးနိုင်လို့ တခါတရံ အိမ်သုံးဆားနဲ့ မီးသွေးခဲကို သွားတိုက်ဖို့သုံးခဲ့ရတာဟာ မဆလခေတ်ရဲ့ သရုပ်မှန်တစ်ခုပါပဲ။
အစိုးရသတင်းစာထဲပါသမျှ ၀ါဒဖြန့်ချီရေးသတင်းကလွဲပြီး တိုင်းပြည်မှာ တကယ်တမ်း ဖြစ်ပျက်နေတာတွေကို ဘာတစ်ခုမှမသိတဲ့၊ ဉာဏ်ပညာဗဟုသုတ နိုင်ငံရေး အသိအမြင် ချို့တဲ့တဲ့၊ ဗမာဘာသာကလွဲရင် အခြားဘာသာစကား ကျွမ်းကျင်မှု မရှိတဲ့ ကျွန်မတို့မျိုးဆက်ဟာ ပညာရေးနိမ့်ကျမှုနဲ့ မီဒီယာလွတ်လပ်ခွင့် ချိုးဖေါက်ခံရမှုရဲ့ အကျိုးဆက်တွေပါပဲ။
ဖျော်ဖြေရေးဆိုလို့ အဖိုးအမွေ ရေဒီယိုအဟောင်းကြီးဘေးမှာ မောင်နှမတွေ စုရုံးပြီး လူရွှင်တော်တွေရဲ့ ဟဒယရွှင်ဆေးတိုက်ကျွေးမှုကို တစ်ပါတ်တစ်ခါနားထောင်တာ၊ ညဖက်သတင်းအပြီးမှာ ဇာတ်လမ်းပမာနားဆင်စရာတွေ နားထောင်တာ၊ မြို့လယ်က ရုပ်ရှင်ရုံမှာ ဇာတ်ကားအသစ်တွေလဲတိုင်း သွားကြည့်တာလောက်ပဲ ရှိခဲ့တယ်။
ကျွန်မတို့ရဲ့လူငယ်ဘဝဟာ တေဇ ရှေ့ဆောင် လမ်းစဉ်လူငယ်တွေအဖြစ်နဲ့ အကြိမ်ကြိမ် လျှော်ဖွပ်ခံထားရတဲ့ ဖြူရော်ရော်ဦးဏှောက်တွေနဲ့၊ တစ်ခုတည်းရှိတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ကေဒါကောင်းတွေဖြစ်လာဖို့ကို အဆင့်ဆင့်ပြောင်းလဲ ထုတ်လုပ်ခြင်းခံလိုက်ရတဲ့ စက်ရုပ်တွေလိုပါပဲ။
လိပ်ပြာတောင်ပံတစ်ခတ်ဟာ အင်မတန်မှ သဘာဝသယံဇာတ ကြွယ်ဝတဲ့ အရှေ့တောင်အာရှရဲ့ထိပ်တန်းနိုင်ငံတစ်ခုကို ၂၆နှစ်အတွင်း ဆင်းရဲတွင်းသွင်းပစ် နိုင်လောက်အောင် ဆိုးကျိုးသက်ရောက်စေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်နိုင်ငံအဆင့်ကို ၁၉၈ရခုနှစ်မှာ ကျရောက်ခဲ့ပါတယ်။
ရုပ်ပိုင်းဆိုင်ရာဆင်းရဲမှုဟာ တိုင်းတာလို့ရနိုင်ကောင်းပေမယ့် အသိဉာဏ်ပညာပိုင်းဆိုင်ရာ ဆင်းရဲတွင်းနက်မှုဟာ ဘယ်လောက်ထိနက်ရှိုင်းပြီး မျိုးဆက်ပေါင်းများစွာအထိ ဘယ်လိုဆိုးကျိုးတွေသက်ရောက်စေနိုင်သလဲဆိုတာ တိုင်းတာရ အင်မတန်ခက်ခဲ ပါလိမ့်မယ်။
မဆလအလွန် ၂၆နှစ်မှာ ရှင်ပြန်ထမြောက်လာပြန်တဲ့ စစ်အာဏာရှင်စနစ်ဆိုတဲ့ လိပ်ပြာတောင်ပံခတ်သံအသစ်ကြောင့် ကြုံတွေ့ရတဲ့ “သွေးမုန်တိုင်း”တွေအကြောင်း လိပ်ပြာတောင်ပံခတ်သံ (၂) မှာ ဆက်ရေးပါအုန်းမယ်။
Cover Photo Credit: Htin Lynn Aung


Comments
Post a Comment