အတိုက်အခံများရဲ့ နောက်ဆုံးနိုင်ငံရေး

မွန်မွန်မြတ်

“Politics is the last resort for the scoundrel”, George Bernard Shaw.
“နိုင်ငံရေးဆိုတာ လူညစ်တွေရဲ့ နောက်ဆုံးနားခိုရာပဲ” လို့ အိုင်းရစ်စာရေးဆရာကြီး ဂျော့ဘားနတ်(ဒ)ရှောက ဆိုခဲ့ဖူးတယ်။ နှလုံးသား ကြီးမြတ်သူများသာ နိုင်ငံ့အရေးကို လုပ်နိုင်ကြတာလို့ ယုံကြည်သူတွေအတွက်တော့ ဆရာကြီး ဘားနတ်(ဒ)ရှောကို စောဒကတက်ချင်စရာပါ။
တစ်ချိန်တုန်းက မြန်မာပြည်နိုင်ငံရေးကို ဘောလုံးပွဲတစ်ပွဲနဲ့ နှိုင်းပြီး ဝေဖန်သုံးသပ်ခဲ့ဖူးတဲ့ သတင်းစာဆရာတစ်ယောက်ရှိခဲ့ဖူးတယ်။ ဘောလုံးပွဲတစ်ပွဲနဲ့တူတာတော့ မှန်ပါရဲ့၊ ဒါပေမယ့် ညစ်ပုပ်ကပ်ကျယ်စိတ်ဓါတ်ရှိပြီး ခြေစွမ်းမပြနိုင်တော့ဘူးဆိုရင် လူချတတ်တဲ့ ကစားသမားတွေပါတဲ့အသင်းနဲ့ အသန့်ရှင်းဆုံးဆုကိုမှလိုချင်တဲ့ ကစားသမားတွေ စုထားတဲ့အသင်း ပြိုင်နေရသလိုပါပဲ။  အနှစ်၂၀ကျော် အကျောပေးကစားထား တာတောင်မှ ကိုယ့်ဂိုးကိုယ် တဒိုင်းဒိုင်းရှုးနေတဲ့လူတွေကြောင့် ပြိုင်ဖက်အသင်းက အလိုလို အသာရနေတဲ့ ကစားပွဲတစ်ခုပါ။
၂၀၁၅ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ နိုင်လာတဲ့ NLDအစိုးရသစ်ဟာ တက်လာလာချင်း သက်တမ်းတစ်နှစ်အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေမှာ ခြေပေါ်အောင် ဦးစားပေး ကစားခဲ့တာတွေ့ရပါတယ်။
ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ခု သြဂုတ်လထဲမှာပဲ ဖွဲ့စည်းနိုင်ခဲ့သလို ၂၁ရာစုပင်လုံညီလာခံကိုလည်း သြဂုတ်လကုန်ပိုင်းမှာ ကျင်းပနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း NLD အရပ်သားအစိုးရအနေနဲ့ ရှေ့ကိုသွားဖို့ ခြေလှမ်းအသစ်တစ်ခု လှမ်းမယ်ကြံလိုက်တိုင်း အချိန်ကိုက်ပေါ်လာတတ်တဲ့ အမှောင့်ပယောဂတွေရှိနေတာဟာ သံသယရှိစရာ အင်မတန်ကောင်းပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ပါတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီ ၁၀ခုရဲ့ ပူးတွဲထုတ်ပြန်ချက်ကို ၂၀၁၆ခု စက်တင်ဘာလလယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဓိက အကြောင်းအရာကတော့ ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ကို ကန့်ကွက်တာပါပဲ။
ခါတော်မှီ နယ်စပ်ပြဿနာများ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တွေစတင်ပြီး သိပ်မကြာခင် ၂၀၁၆ အောက်တိုဘာလဆန်းမှာပဲ ဘင်္ဂလားဒေ့(ရှ်) မြန်မာနယ်စပ် မောင်းတောမြို့က နယ်ခြားစောင့်ရဲစခန်းကို မူဆလင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်စီးနင်းမှုဖြစ်ပွါးခဲ့ပါတယ်။
၂၀၁၆ နိုဝင်ဘာလထဲမှာပဲ ကေအိုင်အေဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က တရုပ်မြန်မာ နယ်စပ်မြို့ မူဆယ်က ကုန်သွယ်ရေးဇုန်တစ်ခုကို ရုတ်တရက် ဝင်စီးခဲ့ပြန်ပါတယ်။
နိုဝင်ဘာ ၂၈ရက်မှာတော့ ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ပါတီပူးတွဲပြီး အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးခေါ်ဖို့ ပူးတွဲကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
အကြောင်းပြချက်ကတော့ “လုံခြုံရေး စီးပွါးရေး အထွေထွေအကြပ်အတည်းများ၊ ပြည်တွင်းပြည်ပ အကြမ်းဖက်အန္တရာယ်များကို ထိရောက်စွာဟန့်တားနိုင်ရေး” လို့ ပေးထားတာ တွေ့ရပါတယ်။
အဲဒီကာလတွေမှာလည်း ရန်ကုန်မြို့တွင်းမှာ အသေးစားပေါက်ကွဲမှုတွေ ဟိုတစ်ခု သည်တစ်ခု ဖြစ်နေခဲ့သလို၊ ရွှေဈေး ဒေါ်လာဈေးမတည်ငြိမ်မှုကြောင့် စီးပွါးရေးမတည်ငြိမ်မှုတွေလည်း ဖြစ်နေခဲ့ပါတယ်။
အတိုက်အခံနိုင်ငံရေးပါတီများက ကာလုံခေါ်ဖို့တိုက်တွန်းနေတဲ့အချိန်မှာပဲ NLD အစိုးရက ပြည်ထောင်စုဝန်ကြီးအဆင့်ရှိတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် ဦးသောင်းထွန်းကို ခန့်အပ်ခဲ့ပါတယ်။
“ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် စပ်လျဉ်း၍ မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ် အကြံပြုနိုင်ရေး”အတွက်ဆိုပြီး နိုင်ငံတော်အဆင့်အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးသောင်းထွန်းကို ခန့်အပ်လိုက်ခြင်းဟာ နိုင်ငံတော်ကာကွယ်ရေး မှတပါး အရပ်ဖက်အုပ်ချုပ်ရေးမှာ တပ်မတော်က ပါဝင်ဆုံးဖြတ်ခွင့်ကို ကန့်သတ်လိုက်တဲ့ နိုင်ငံရေးလမ်းကြောင်းအသစ်တစ်ခု ဖေါ်ဆောင်ခဲ့တာဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
၂၀၁၇ ဇန်နဝါရီ ၂၄ မှာ အတိုက်အခံနိုင်ငံရေးပါတီ ၁၅ခုက နောက်ထပ် ပူးတွဲသဘောတူညီချက်တစ်ခု ထုတ်ပြန်ပြီး နိုင်ငံတော် လုံခြုံရေး၊ စီးပွါးရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များနဲ့ပါတ်သက်လို့ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကသာ ကိုင်တွယ်ဆောင်ရွက်သွားသင့်သော အခြေအနေ” ဖြစ်တယ်လို့ တောင်းဆိုခဲ့ပြန်ပါတယ်။
ကာ/လုံ ခေါ်ရင်ဘာဖြစ်မလဲ
၂၀ဝ၈ အခြေခံဥပဒေ အခန်း (၁၁) မှာ ပြဋ္ဌာန်းထားတဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေထဲမှာ နိုင်ငံတော်သမ္မတကသာ ကာ/လုံနဲ့ ညှိနှိုင်းပြီး အရေးပေါ်အခြေအနေ ကြေငြာနိုင်တယ်လို့ အတိအလင်းပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။
အရေးပေါ်အခြေအနေကြေငြာတဲ့ ကိစ္စရပ်နဲ့ပါတ်သက်ပြီး ပုဒ်မ ၄၁၃ ပုဒ်မခွဲ (ခ) မှာ  “နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်” လို့လည်း ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ၄၁၇အရ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမယ့် အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့လို့ ဒါမှမဟုတ် ပေါ်ပေါက်ရန်လုံလောက်သောအကြောင်းတွေ့ရှိလို့ အရေးပေါ်အခြေအနေသာ ကြေငြာခဲ့ရမယ်ဆိုရင် သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ရေးအာဏာ လွှဲအပ်ပေးလိုက်ရတော့မှာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးအသက်ဝင်ပြီဆိုတာနဲ့ လွှတ်တော်တွေအားလုံးရပ်ဆိုင်းသွားမယ်။ လွှတ်တော်တွေရဲ့သက်တမ်းကုန်ဆုံးသွားတာနဲ့ သက်ဆိုင်ရာလွှတ်တော်တွေအားလုံး အလိုအလျောက်ဖျက်သိမ်းပြီးသား ဖြစ်သွားမယ်။ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေ ကလွဲလို့ ကျန်အစိုးရအဖွဲ့ဝင်တွေအားလုံး တာဝန်မှရပ်စဲပြီးသားဖြစ်သွားမယ်။
သမိုင်းဘီးဟာ နောက်ပြန် တစ်ပါတ်လည်ပြီး ၁၉၆၂ခုနှစ် ဒါမှမဟုတ် ၁၉၈၈ခု ကာလများဆီ မလွဲမသွေ ပြန်ဆုတ်သွားရတော့မှာပါပဲ။
နွံထဲက သမိုင်းလှည်းဘီး
တစ်နှစ်သား အရပ်သားအစိုးရဟာ စစ်အုပ်ချုပ်ရေးနွံထဲက ရုန်းထွက်လာကာစ နိုင်ငံကို  သမိုင်းဘီး နောက်ပြန်လည်မသွားအောင် ရှိသမျှခွန်အားနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွါးတစ်ခုတည်းကိုကြည့်ပြီး နွံထဲကို လှည်းဘီး ပြန်ရောက်အောင် နောက်ပြန်ဆွဲနေသူတွေကလည်း ဒုနဲ့ဒေးမို့ ခရီးက မတွင်နိုင်ပါဘူး။
နှစ်ကျော့ပြန် စစ်အုပ်ချုပ်ရေးအောက်မှာ နှစ်ငါးဆယ်ကျော် စစ်ကျွန်ဖြစ်ခဲ့ရတဲ့ ပြည်သူများနဲ့အတူသာ မရုန်းရင် ဒီနွံထဲမှာ လှည်းဘီးပြန်ကျွံဖို့က လက်တစ်လုံးပဲ လိုပါတော့တယ်။
လူမျိုးရေး ဘာသာရေး အမှောင့် ပယောဂတွေနဲ့ ဘယ်လိုပဲ ဘေးတီးတီး မိအေးအခါခါနာ ခဲ့ရတဲ့ ပြည်သူတွေကတော့ ရေအိုးစင်နဲ့တူတဲ့ အရပ်သားအစိုးရကို ကျောထောက်နောက်ခံ ပေးပြီး ခုချိန်ထိ ခပ်အေးအေးပဲ နေကြပါတယ်။
၂၀၁၂ ရခိုင်အရေးအခင်း၊ ၂၀၁၃ မိထ္ထီလာအရေးအခင်း၊ ၂၀၁၄ မန္တလေးအရေးအခင်း တွေဟာ လူမျိုးရေး ဘာသာရေး အမှောင့်ပယောဂတွေအကြောင်း လူထုကိုသင်ကြား ပေးခဲ့တဲ့ သင်ခန်းစာ ၁၊၂၊၃ ဖြစ်ပါတယ်။
အဲဒီသင်ခန်းစာတွေအပြင် အရပ်သားအစိုးရသစ်လက်ထက်ရောက်မှ အငှားယာဉ်မောင်း ကိုနေဝင်းတို့လို တာဝန်သိပြည်သူတွေရဲ့ သက်စွန့်ကြိုးပမ်း စွမ်းဆောင်ချက်တွေကြောင့် တွေ့ရှိချက်အသစ်တွေ ပေါ်ပေါက်လာတာလည်း ရှိပါသေးတယ်။
တွေ့ရှိချက် (၁)။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို အရေးတကြီး ပြင်ဆင်ဖို့ တိုက်တွန်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံခဲ့တဲ့အပေါင်းအပါတွေဟာ အဖွဲ့အစည်းတစ်ခုထဲကလာတာ ဖြစ်ပါတယ်။
တွေ့ရှိချက် (၂)။ ။ လူမျိုးရေး ဘာသာရေး မီးမွှေးဖို့ အမြဲတစေကြိုးပမ်းနေတဲ့ လက်တစ်ဆုပ်စာ သံဃာအတုအယောင်တွေကို အထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းကြီးတစ်ခု အထင်အရှားရှိကြောင်း လယ်ပြင်မှာ ဆင်သွားသလို အထောက်အထားများလည်း ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါတယ်။
တွေ့ရှိချက် (၃)။ ။ တချိန်တည်းမှာပဲ အစိုးရဟောင်းလက်ထက်က အကျင့်ပျက်ခြစားမှုတွေကလည်း အရပ်ရပ်နေပြည်တော်မှာ ကြားလို့မှမတော်အောင် ဗူးပေါ်သလို တစ်မှုပြီးတစ်မှု ပေါ်ပေါက်နေပြန်ပါတယ်။
တွေ့ရှိချက် (၄)။ ။ ဒါပေမယ့် ခုချိန်ထိ အထက်မှာဖေါ်ပြထားတဲ့ အမှုတစ်မှုကိုမှ ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးတာဟာ NLD အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးမူဝါဒနဲ့ တရားဥပဒေစိုးမိုးရေးကြားမှာ လွန်ဆွဲနေတဲ့ အကြပ်အတည်းတစ်ခုပဲဖြစ်ပါတယ်။
NLD အရပ်သားအစိုးရဟာ ပထမဆုံးခြေပေါ်အောင် စကစားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေမှာပဲ တစ်ဖက်အသင်းက လူချတာ ခံနေရပါပြီ။
လက်ရှိအခြေအနေမှာကိုပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာရှနဲ့ဥရောပခရီးစဉ်တွေ စတဲ့နေ့တည်းက တိုင်းပြည်မှာ လူမျိုးရေးဘာသာရေး အထွေထွေမငြိမ်မသက်မှုတွေ ဖြစ်လာအောင် တစ်နေ့တစ်မျိုးမရိုးရတဲ့ နည်းအမျိုးမျိုးနဲ့ ကြံစည်ကြပုံတွေကို သတိထားကြည့်မိရင် တွေ့ရမှာပါ။
လူထုရဲ့ “အသိနဲ့သတိ” ကြီးမားလွန်းလို့သာ ဒီဆယ်ရက်တာ ကာလအတွင်း ကြံစည်မှုမှန်သမျှ အထမမြောက်ခဲ့သေးတာပါ။
အစိုးရသစ်ရဲ့ “ပြည်သူနဲ့အတူ”ဆိုတဲ့ ဆောင်ပုဒ်ကို “နွံထဲမှာ လှည်းဘီး နောက်တစ်ခါ မကျွံအောင် ကူ၍တွန်းပေးကြပါ”လို့ အဓိပ္ပါယ်ကောက်ရတော့မယ် ထင်ပါတယ်။
မြန်မာနိုင်ငံအတွက်တော့ ဘားနတ်(ဒ)ရှောရဲ့ အဆိုအမိန့်ကို ပြောင်းပစ်မှဖြစ်ပါလိမ့်မယ်။
“အတိုက်အခံနိုင်ငံရေးသမားတွေရဲ့ နောက်ဆုံးနိုင်ငံရေးဟာ ကာ/လုံခေါ်ရေးပဲ” လို့။

ဒေါ်အောင်ဆန်းစုကြည်၏ အာရှနဲ့ဥရောပခရီးစဉ်ကာလအတွင်း ထူးခြားဖြစ်စဉ်များ

၂၈ ဧပြီ ၂၀၁၇ - အမျိုးသားရေးလှုပ်ရှားသူဆိုသူများက သာကေတ အနော်မာရပ်ကွက် အာရဗီစာသင်ကျောင်းကိစ္စ စတင်မီးမွှေး
၂၉ ဧပြီ ၂၀၁၇ – NLD Central News ဖေ့(စ)ဘွတ်စာမျက်နှာအတုမှ သမ္မတဦးထင်ကျော် နှုတ်ထွက်တော့မည်ဆိုသည့် သတင်းမှားများစဖြန့်
ဝ၃ မေ ၂၀၁၇ – မြန်မာ့ဘဏ်တွေပြိုလဲတော့မှာလားဆိုသည့် ကောလဟာလဖြင့် KBZ Bank ဒေဝါလီခံရမည်ဆိုသည့် သတင်းမှားများ စတင်ဖြန့်
ဝ၄ မေ ၂၀၁၇ - နိုင်ငံတော်အတိုင်ပင်ခံရုံးက တည်ငြိမ်မှုပျက်ပြားစေရေး ရည်ရွယ်ချက်ဖြင့် သတင်းမှားနှင့်ကောလဟာလဖြန့်ချီမှုများ အထူးသတိပြုရန် ကြေငြာချက်ထုတ်ပြန်
ဝ၅ မေ ၂၀၁၇ – ဦးဝင်းထိန်၏ပြောကြားချက်အပေါ် တပ်မတော်က သတင်းထုတ်ပြန် ကန့်ကွက်
ဝ၆ မေ ၂၀၁၇ – ဦးဝင်းထိန်၏ပြောကြားချက်အပေါ် ကြံ့ခိုင်ရေးပါတီ ကန့်ကွက်
ဝ၈ မေ ၂၀၁၇ - ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ပါတီက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့အားအရေးယူရန်တောင်းဆို
ဝ၉ မေ ၂၀၁၇ - အမျိုးသားရေးလှုပ်ရှားသူဆိုသူများက မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဘာသာရေးလူမျိုးရေး ပဋ္ဋိပက္ခဖြစ်စေရန် စတင်မီးမွှေး

Comments