မွေးနေ့ဆုတောင်း

မြတ်



အကျယ်ချုပ်ချခံထားရသူတစ်ဦးအတွက် မွေးနေ့ပွဲတွေ နိုင်ငံနဲ့အဝှမ်း ကျင်းပခဲ့ဖူးတဲ့အချိန်ကာလတစ်ခုရှိခဲ့ဖူးတယ်။
ခိုဖြူလေးတွေကို လှောင်အိမ်ကလွှတ်ပေးရင်းနဲ့ သူ့မွေးနေ့တွေက လူထုရင်ထဲကို ရောက်လာခဲ့ဖူးတယ်။ သူ့ကိုဘယ်လိုမွေးဖွါးခဲ့ပါလိမ့်၊ သူ့ငယ်ဘဝတွေကို ဘယ်လိုဖြတ်သန်းခဲ့ပါလိမ့်ဆိုတဲ့ သိချင်စိတ်တွေလည်း မကြာခဏဖြစ်ခဲ့ဖူးပါရဲ့။
တာဝါလိန်းလမ်းက ဗိုလ်ချုပ်ပြတိုက်ထဲမှာ ပြထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထန်းဖူးဇာတာထဲမှာ မောင်ထိန်လင်းဆိုတဲ့ငယ်နာမည်ရှိခဲ့လို့ သူ့မှာရော ငယ်နာမည်တစ်ခုခုနဲ့ဖွဲ့ထားတဲ့ဇာတာများ ရှိခဲ့သလားလို့ တာဝါလိန်းပြတိုက်ထဲမှာ ရှာကြည့်ခဲ့ဖူးတယ်။
သူ့ငယ်ဘဝအကြောင်း မေးကြည့်မိတော့လည်း အဲဒီလို ဇာတာဖွဲ့ခဲ့တာမျိုး မရှိခဲ့ဘူးလို့ပဲဖြေတယ်။
တာဝါလိန်းအိမ်ပြတိုက်ထဲမှာ ခင်းကျင်းထားတဲ့ ဗိုလ်ချုပ်တို့မိသားစုရဲ့ အိပ်ခန်းထဲက နှစ်ယောက်အိပ်ခုတင်ကြီးပေါ်မှာပဲ အောင်ဆန်းစုကြည်ဆိုတဲ့ ရင်နှစ်သည်းခြာ အထွေးဆုံးသမီးရတနာကို သားဖွါးမီးယပ်ဆရာဝန်မကြီး ဒေါက်တာဒေါ်ရင်မေက မီးရှုးသန့်စင် ဖွါးမြင်ပေးခဲ့တာဖြစ်တယ်။
တာဝါလိန်းအိမ်ကြီးဟာ အမျိုးသားခေါင်းဆောင်နှစ်ဦး နေထိုင်ခဲ့ဖူးတဲ့ ဘူမိနက်သန်နေရာတစ်ခုဖြစ်လို့ သမိုင်းဝင်အထင်ကရဖြစ်နေတော့မှာ အသေအချာပါပဲ။
တာဝါလိန်းအိမ်ထဲကလှေကားထစ်ကြီးတွေအောက်မှာ ဖေဖေ့ရုံးအပြန်ကို စောင့်ကြိုနေခဲ့တဲ့ သမီးကလေးတစ်ယောက်ရဲ့ ပုံရိပ်တွေရှိတယ်။ ဖေဖေရုံးကပြန်လာတိုင်း ကလေးတွေအတွက် တစ်ခုခု အမြဲဝယ်လာလေ့ရှိသတဲ့။ ဖေဖေ့အချစ်တော် အငယ်ဆုံးသမီးလေးကတော့ ကားရပ်လိုက်တာနဲ့ ဖေဖေ့အချီခံချင်လို့ အပြေးသွားကြိုတတ်တယ်။
နှစ်နှစ်သမီးအရွယ်နဲ့ဖခင်ဆုံးသွားတာဆိုပေမယ့် “ဖေဖေ့ဓါတ်ပုံအကြီးကြီးတွေ တစ်အိမ်လုံးမှာရှိနေတာဆိုတော့ ဖေဖေ့ပုံရိပ်က အမြဲရှိနေတယ်” လို့ သူကပြောခဲ့တယ်။
မေမေဒေါ်ခင်ကြည်ပြောပြခဲ့တဲ့ ဖေဖေ့အကြောင်းထဲမှာတော့ ဖေဖေဟာဖြောင့်မတ်တယ်။ ရိုးသားတယ်။ စာကြိုးစားတယ်။ သတ္တိရှိတယ်။ တိုင်းပြည်ချစ်တယ် ဆိုတာတွေပါတယ်။
ဒေါ်ခင်ကြည်ကတော့ အင်မတန်စည်းကမ်းကြီးတဲ့မိခင်တစ်ယောက်ပေါ့။ ထမင်းစားချိန်ဆိုရင် မောင်းထုပြီး လူစုတတ်တယ်။ မောင်းထုရင် ဖိုးဖိုးကအစ အားလုံးတစ်ချိန်ထဲ အတူတူ ထမင်းစားကြရတယ်။ အငယ်ဆုံးသမီးက အားလုံးကို ဦးချပြီးမှ အားလုံးယူပြီးမှ ယူရတယ်။ ဟင်းတစ်ခုခုယူပြီးရင် ယူပြီးတဲ့ဟာကို ပန်းကန်ထဲမှာ ကုန်အောင်စားရတယ်။ ဒါတွေဟာ မေမေဒေါ်ခင်ကြည်ရဲ့စည်းကမ်းတွေပေါ့။
ဒေါ်ခင်ကြည်က အနောက်တိုင်းခရီးတွေထွက်လို့ အနောက်တိုင်းက ကလေးတွေ ထွားတာမြင်တိုင်း သူ့ကလေးတွေ ထွားစေချင်လွန်းလို့ နွားနို့မှန်မှန်သောက်ခိုင်းတယ်။ အစားအသောက် ချေးများတာကိုလည်း လုံးဝမကြိုက်ဘူး။ ကလေးဘဝမှာ သူစိတ်အညစ်ဆုံးက နေ့လည်နေ့ခင်းအိပ်ရတာနဲ့ နွားနို့သောက်ရတာပဲ။ နွားနို့ဆိုသူလုံးဝမကြိုက်ဘူး။ ငယ်ငယ်တုန်းက သူအကြိုက်ဆုံးအစားအစာက မုန့်ဟင်းခါးပေါ့။
ကလေးတစ်ယောက်ရဲ့မျက်စိထဲမှာတော့ တာဝါလိန်းအိမ်ကခြံဝန်းကြီးဟာ အကျယ်ကြီးပါပဲ။ ကလေးဆိုတော့လည်း ခြံထဲမှာဆော့ရတာကို ပိုပြီးသဘောကျကြတယ်။ ခြံကလည်းအဆင့်ဆင့်နဲ့ဆိုတော့ အပေါက်တက်လိုက် အောက်ဆင်းလိုက်နဲ့ ပျော်စရာကြီးပေါ့။ ပုဏ္ဍရိပ်ပင်က အသီးလေးတွေခူးစားလိုက်ကြ၊ ထိကရုန်းပင်တွေကို လက်နဲ့လိုက်ထိလိုက်ကြနဲ့ အင်မတန်မှ ရိုးရှင်းတဲ့ကစားနည်းတွေနဲ့မောင်နှမသုံးယောက် အတူတူကစားတတ်ကြတယ်။
တစ်ချိန်တုန်းကတော့ အစ်ကိုနှစ်ယောက်နဲ့စိန်ပြေးတမ်းကစားရင်း လိုက်လို့မမှီတဲ့အခါ ငိုတတ်တဲ့ ညီမအထွေးဆုံးကလေးပေါ့။ သူငိုတဲ့အခါတိုင်း အစ်ကိုတွေက ဒါက အားကစားစိတ်ဓါတ်မရှိဘူးနော်လို့ အပြောခံရတယ်။ မမိတာနဲ့ ငိုရလားလို့လည်း အဆူခံရတယ်။
ကလေးဘဝမှာ သူနဲ့ အများဆုံးကစားလေ့ရှိသူကတော့ ကိုကိုလင်းလို့ သူခေါ်တတ်တဲ့ အောင်ဆန်းလင်း။ ကိုကိုလင်းက သူ့ကိုသိပ်စတတ်တယ်။ ပထမဆုံးကျောင်းတက်တဲ့နေ့က ကိုကိုလင်းက သူ့လွယ်အိတ်ကိုယူပြေးပြီးစလို့ လွယ်အိတ်ကိုလိုက်ဆွဲပြီးငိုခဲ့ရဖူးတယ်။
ကိုကိုလင်း ရေနစ်တဲ့နေ့က ရေထဲမဆင်းခင် ကမ်းစပ်မှာ သူနဲ့အတူတူ ကစားခဲ့သေးတယ်။ အဲဒီနေ့ကမြင်ကွင်းကို သူခုထိမှတ်မိနေသေးတယ်။
“အဲဒီတုန်းက ရေကန်ထဲကျသွားတာတွေ ဘာတွေနားမလည်ဘူးပေါ့နော်။ တော်တော်ငယ်တယ်။ ငယ်တော့ ရေထဲကျသွားပြီး ရေနစ်သွားတာလည်း သိပ်နားမလည်ဘူး။ အိမ်ကထမင်းစားဖို့ဆိုပြီး အိမ်ပေါ်ကနေ အထိန်းမလေးက လာခေါ်တော့မှ (ကိုကိုလင်းရေနစ်နေတာသိပြီး) သူကအော်တာပေါ့။ အဲဒါတော့မှတ်မိတယ်။”
သူအသက် ၇နှစ်ရောက်တော့ စန္ဒယားသင်ပေးဖို့ အမေဒေါ်ခင်ကြည်က စီစဉ်တယ်။ မစ္စတာဒီဇူဇာဆိုတဲ့စန္ဒယားဆရာကို တစ်ပါတ်တစ်ခါအိမ်ခေါ်ပြီး သင်ပေးခဲ့တယ်။ တာဝါလိန်းအိမ်အောက်ထပ်မှာထားတဲ့ စန္ဒယားနဲ့ပေါ့။ ဒါပေမယ့် သူကတော့ သူ့ကိုယ်သူ ဂီတပါရမီ မပါဘူးလို့ပြောခဲ့တယ်။ စန္ဒယားသင်ရတာထက် စာဖတ်တာကို ပိုဝါသနာထုံခဲ့တယ်လို့ဆိုရမှာပါပဲ။
ဖေဖေထားခဲ့တဲ့ စာအုပ်တွေထဲက Book of Knowledge ဆိုတဲ့ စာအုပ်ထဲက အရုပ်တွေကို ရှာဖွေကြည့်တယ်။ မေမေ မှန်မှန်ဝယ်ပေးထားတဲ့ စာအုပ်တွေကိုဖတ်တယ်။ မေမေက သူတို့ကို အမေရိကန်စင်တာကို နှစ်ပါတ်တစ်ခါ မှန်မှန်ခေါ်သွားပြီး စာအုပ်တွေ ငှားပေးလေ့ရှိတယ်။
သူဟာ ဆရာကြီးမင်းသုဝဏ်ရဲ့ ဝါဆိုဝါခေါင်တို့ ဆွမ်းအုပ်နီနီတို့စတဲ့ ကဗျာလေးတွေနဲ့ ကြီးပြင်းခဲ့သူပေါ့။ အဲဒီခေတ်က ကလေးတိုင်း လွယ်ခဲ့ဖူးတဲ့ ဘေးလွယ်အိတ်မျိုးကို လွယ်ပြီးကျောင်းသွားခဲ့တယ်။ ခေါင်းပေါ်မှာ ဆံရစ်ဝိုင်းကလေးထုံးခဲ့ဖူးသလို ဆံပင်ရှည်ကြီးကို ကျစ်ဆံမြီးကျစ်ပြီးလည်း ထုံးဖွဲ့ခဲ့ဖူးတယ်။
သနပ်ခါးလိမ်းပေးရင် မျက်နှာကြီးအေးပြီးတင်းသွားလို့ လုံးဝမကြိုက်ခဲ့တဲ့မိန်းကလေးဟာ ပန်းပန်တာကိုတော့ ငယ်ငယ်ကတည်းက နှစ်ခြိုက်ခဲ့တယ်။
သူ့ရဲ့ငယ်ဘဝတွေကို သူလိုကိုယ်လို အခြားကလေးငယ်တွေလိုပဲ ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့ပေမယ့် ဒီနေ့ဒီအချိန်မှာတော့ သူဟာနိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေခဲ့ပြီ။ နောက်ထပ်မွေးဖွါးလာမယ့် အနာဂါတ်မျိုးဆက်တွေအတွက် ကောင်းမွန်ငြိမ်းချမ်းတဲ့ နိုင်ငံတစ်ခုကို လက်ဆောင်အဖြစ်ထားရစ်ဖို့ ကြိုးစားထုဆစ်နေခဲ့ပြီ။
သူ့မွေးနေ့မှာ နေအိမ်အကျယ်ချုပ်က အမြန်ဆုံးလွတ်မြောက်ပါစေလို့ ခိုဖြူကလေးတွေလွှတ်ပြီး ဆုမတောင်းရတော့တဲ့အတွက် ဘယ့်လောက်ထိ စိတ်ချမ်းသာပျော်ရွှင်ရသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။
ဒီတစ်ကြိမ်မွေးနေ့မှာတော့ အသက်၁၂၀ရှည်ပါစေသောဝ်ဆိုတဲ့ ဆုတောင်းမျိုးအစား သားတွေမြေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အပူအပင်ကင်းကင်းနဲ့ အမြန်ဆုံးအတူတကွ နေထိုင်ခွင့်ရပါစေလို့ ဆုတောင်းပေးလိုက်ချင်ပါရဲ့။    ။

Comments