ဟင်းလင်းပြင်သို့ အတွေးများ

မြတ်

ကောင်းကင်ကို အဆီးအတားမဲ့ကြည့်ရတာကြိုက်တယ်။
ဒါကြောင့် အိမ်ခေါင်မိုးတွေကိုကြိုက်တယ်၊ သစ်ပင်မြင့်မြင့်တွေကြိုက်တယ်၊ ပင်လယ်ကမ်းစပ်ကိုကြိုက်တယ်၊ အထပ်မြင့်အဆောက်အအုံတွေကို ကြိုက်တယ်၊
ဘဝမှာ ပထမဆုံး အမိုးအကာမဲ့ဟင်းလင်းပြင်ကောင်းကင်ကို မြင်ဖူးတာ  အိမ်ခေါင်မိုးသွပ်ပြားတွေပေါ်ကပေါ့၊ မွေးဇာတိ ရေနံချောင်းမြို့က ရေနံချေးသုတ်ထားတဲ့ နှစ်ထပ်အိမ်အပေါ်ထပ်မှာ ပြူတင်းပေါက်တွေအများကြီးရှိတာမှတ်မိတယ်။ အနောက်ဖက်က ပြူတင်းပေါက်တစ်ခုကိုကျော်ပြီးဆင်းလိုက်ရင် အောက်ထပ် မီးဖိုချောင်ပေါ်မိုးထားတဲ့ သွပ်ပြားတွေပေါ်ရောက်သွားလိမ့်မယ်။
သွပ်ပြားဖြူဖြူတွေပေါ်မှာ မန်ကျည်းပင်ပေါ်ကကျလာတဲ့ မန်ကျည်းရွက်ညိုညိုလေးတွေ မန်ကျည်းပွင့်ဝါဝါလေးတွေဖွေးလို့ပေါ့၊ သွပ်ပြားဘယ်ဖက်အစွန်းမှာ အုပ်ဆိုင်းနေတဲ့ မန်ကျည်းပင်ကြီးတစ်ပင်… ညာဖက်အစွန်းမှာက လက်နဲ့လှမ်းခူးလို့ရတဲ့ မာလကာပင်တစ်ပင်၊
မြေးတွေကိုဆူခဲငေါက်ခဲတဲ့ အဖိုးနဲ့အဖွါးက လိမ့်မကျစေနဲ့နော်လို့ သတိပေးရုံကလွဲပြီး တစ်ခါမှ ခေါင်မိုးပေါ်မတက်ရဘူးလို့ မတားဖူးဘူး။ မီးဖိုချောင်ထဲမှာထမင်းဟင်း ချက်နေတဲ့ အဒေါ်တွေကလည်း ခေါင်မိုးပေါ်က အသံတွေဆူတယ်လို့ မငေါက်ဖူးဘူး။
ညနေကျောင်းကပြန်လာတာနဲ့ လွယ်အိတ်ကလေးချပြီး ဖတ်စရာ စာအုပ် တစ်အုပ်စ နှစ်အုပ်စယူ အိမ်ခေါင်မိုးသွပ်ပြားပေါ် ပက်လက်လှန်ပြီး စာအုပ်ဖတ်မယ်၊ ဗိုက်ဆာရင် ခေါင်မိုးညာဖက်အစွန်း မာလကာပင်ကိုင်းပေါ်ကနေ အပင်ပေါ်တက်ပြီး မာလကာသီး ခူးစားမယ်၊ အဲဒါနဲ့မှမဝရင် ဆီမွှေးမွှေးဆမ်း ဆားကလေးဖြူးပြီး အဖွါးနယ်ပေးထားတဲ့ ထမင်းပူပူလေးကို ထညက်ခဲလေးကိုက်ပြီးစားကြမယ်။
လသာသာ နွေညတွေဆို မောင်နှမတတွေ အတားအဆီးမဲ့ ကောင်းကင်ကြီးကိုကြည့်ပြီး ခုနှစ်စဉ်ကြယ်တွေ မောင်ရင်ဆိုင်းထမ်းကြယ်တွေ သောကြာကြယ်တွေကို ရှာဖွေနေကျပေါ့….၊ တစ်ခါတစ်လေ ရုပ်ရှင်ဖွက်တမ်း ကစားရင်ကစား၊ ဒါမှမဟုတ် ရှမ်းပြည်မှာ အိမ်ထောင်ကျနေတဲ့ ဦးလေးအငယ်ရဲ့သား ဗမာပြည်က အဖွါးအိမ်မှာ ကျောင်းလာနေတဲ့ အစ်ကိုဝမ်းကွဲ မိုးသန်းထိုက်ကို ရှမ်းအိုးစည်က ကပြခိုင်းပြီး အတူလိုက်ကကြတယ်။ အသံဝဲဝဲနဲ့ သူဆိုခဲ့တဲ့ နောင် နောင် နောင်ဗိန်နောင် ဆိုတဲ့ ပါးစပ်ဆိုင်းနောက်က စည်းချက်လိုက်လို့ပေါ့။
လင်းပွင့်ခြင်း လွတ်မြောက်ခြင်းရဲ့အရသာကို ကလေးဘဝကတည်းက မြည်းစမ်းခွင့်ရခဲ့ တာဟာ ကံကောင်းခြင်းတစ်ပါးပါပဲ၊
+++
ငယ်ငယ်တုန်းကတော့ ခြံကျယ်ကျယ်ထဲမှာ မောင်နှမတတွေ ကြိုက်သလိုကစားလို့ ရတယ်၊ ကိုလေးက တီကောင်တွေပေါ် ဆားတွေလိုက်ပုံလို့ အရည်ပျော်ကျ သွားတာကို အသည်းတယားယားနဲ့ကြည့်မယ်၊ အိမ်က မျက်လုံးပြူးပြူး ဝတုတ်တုတ် ကြောင်မကြီးဇီးကွက်ကို ကြိုးနဲ့ဆွဲပြီးကစားတဲ့ ကိုလေးကို အဖွါးနဲ့တိုင်ပြောမယ်၊
တူတူပုန်းတမ်းကစားရင် အပုန်းမတော်တဲ့ ကိုကြီးကတော့ အမြဲအဖမ်းခံရတာပဲ၊ ဝမ်းကွဲမောင်နှမတွေလာရင် တစ်ခြံလုံးပါတ်ပြီး လိုက်တမ်းပြေးတမ်းကစားကြတယ်၊
ဆော့ရတာမောသွားရင် စာအုပ်တွေအများကြီးထည့်ထားတဲ့ အစိမ်းရောင် သစ်သားသေတ္တာကြီးထဲ ဝင်အိပ်ပီး အတွဲလိုက်ချုပ်ထားတဲ့ ရွှေသွေး တေဇ ပေါင်းချုပ်တွေ မှော်ဆရာမှတ်တမ်းစာအုပ်တွေရှာဖတ်မယ်၊ စာအုပ်တွေပေါ်မှာ “မောင်မောင် မြင့်မြင့်ခင် ကိုယ်ပိုင်စာအုပ်စင်” ဆိုတဲ့ စည်းတံဆိပ်တုံးကလေးတွေထုထားတာကို လွမ်းမိသား။
လဆန်းလို့ လူထုလက်ရုံးစာပေကနေ လပေးယူထားတဲ့ ဂျာနယ်တွေ မဂ္ဂဇင်းတွေ ပါလာမယ့်ရက်တွေဆို ခြံတံခါးအပြင်ဖက် ခွေးခြေလေးတွေချပြီး အဖေနဲ့အမေ အိမ်ပြန်ချိန်ကိုစောင့်ကြတယ်။
ညနေနေအေးချိန်ရောက်ရင်တော့ မောင်နှမတတွေ အိမ်ရှေ့က ဥသျှစ်ပင်ပေါ်ထိုးထားတဲ့ လင့်စင်ပေါ် အရင်ဦးအောင် လှေကားထောင်ပြေးတက်ပြီး ကောင်းကင်ကိုကြည့်ကြမယ်။
ပင်စည်လုံးပါတ်ဖြောင့်ဖြောင့် ဥသျှစ်ပင်ပေါ်ကနေ အရွက်ကျို့တို့ကျဲတဲ သစ်ကိုင်းတွေကြားက ကောင်းကင်ကိုချောင်းကြည့်ရတာ ဒါမှမဟုတ် ဟိုဖက်အိမ်ကို အသစ်ပြောင်းလာတဲ့ ကောင်ကလေးတစ်ကောင်ကို ချောင်းကြည့်ရတာဟာ စိတ်လှုပ်ရှားစရာ အသစ်အဆန်းတစ်ခုပဲ၊
ပြီးရင်တော့ အဖွါးကိုမျက်နှာလုပ်ရအောင် ဥသျှစ်ရွက်နုနုလေးတွေခူး ဥသျှစ်သီးမှည့်တွေခူး ပြီးပြန်ဆင်းခဲ့တာပေါ့၊
+++
လွန်ခဲ့တဲ့ အနှစ် ၂၀ ပါတ်ဝန်းကျင် ချောင်းသာကမ်းခြေပေါ်ကာစအချိန်တုန်းက လုံးချင်းဝတ္တု တစ်ပုဒ်လောက် ရေးမယ်ဆိုပြီး ကမ်းခြေကို တစ်ယောက်တည်း ခရီးသွားခဲ့ဖူးတယ်၊ အဲဒီတုန်းက ချောင်းသာဆိုတာ သိပ်သန့်ရှင်းတဲ့ကမ်းခြေတစ်ခုပေါ့၊
မနက်၆နာရီကနေ ည၆နာရီလောက်အထိပဲ လျှပ်စစ်မီးရတယ်၊ မနက်စောစောဆို နိုင်ငံခြားသား တစ်ယောက်စနှစ်ယောက်စကလွဲလို့ လမ်းလျှောက်တဲ့သူ မရှိသလောက် ရှင်းတယ်၊
မနက်စောစောလမ်းလျှောက်ရင်း ကမ်းခြေမှာ ကျောပိုးအိတ်ကိုခင်းပြီး လှဲအိပ်လိုက်ရင် ကောင်းကင်ကြီးကို အတားအဆီးမဲ့မြင်ရပြီ၊ လှိုင်းပုတ်သံတဝုန်းဝုန်းကြားကနေ ကောင်းကင်ကြီးကို မော့ကြည့်မိရင် တိမ်တွေကိုယ့်အပေါ်ပြိုကျလာတော့မလို ထင်ရအောင် ကောင်းကင်နဲ့ကိုယ့်ကြားနီးနီးလေးဖြစ်သွားတယ်။
ဘန်ဂလိုလေးတွေပဲရှိပြီး ဟိုတယ်ကြီးတွေ မဆောက်ရသေးတဲ့ ချောင်းသာမှာ အုန်းပင်တွေ ပုန်းညက်ပင်လို အရိပ်ရတဲ့အပင်တွေ ကမ်းခြေတလျောက် ရှိနေသေးတယ်။ နေနည်းနည်းထွက်လာရင် ကမ်းခြေနားက သစ်ရိပ်ကောင်းကောင်း အောက်မှာ ထိုင်ပြီး စာထိုင်ရေးလိုက် ကမ်းခြေဆီငေးလိုက် ကောင်းကင်ကြီးကိုလည်း အရိပ်တကြည့်ကြည့်ပေါ့၊
မျက်နှာမူလိုက်ရင် ပင်လယ်နဲ့ကောင်းကင်ပဲရှိလို့ ရန်ကုန်သားရဲတွင်းထဲက ပြေးထွက်ချင်သူတစ်ယောက်အတွက်တော့ ကမ်းခြေက အကောင်းဆုံး အဖေါ်တစ်ယောက် ဖြစ်ခဲ့တယ်။
+++
အကြမ်းထည်ပဲရှိသေးတဲ့ အခန်းတစ်ခန်းကို မြင်မြင်ခြင်းပဲ ဝယ်ဖို့ဆုံးဖြတ်လိုက်တာဟာ သုံးထပ်တိုက်ခေါင်မိုးပေါ်မှာ ဆောက်ထားတဲ့အခန်းတစ်ခန်းဖြစ်လို့ပဲ…။ ဝရန်တာအကျယ်ကြီးနဲ့ ကောင်းကင်ကို လွတ်လွတ်ကျွတ်ကျွတ်မြင်ရတဲ့နေရာ ဘေးပါတ်ဝန်းကျင်ကလည်း ရပ်ကွက်သန့်သန့် ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အခန်းဖွဲ့ထားတာကလည်း ကျယ်ကျယ်လွင့်လွင့်၊
မီးလုံးတွေစိတ်ကြိုက်ဝယ်ပြီးဆင်တယ်၊ ဆေးရောင်တွေ စိတ်ကြိုက်သုတ်တယ်၊ လိုချင်တဲ့ပစ္စည်းတွေ စိတ်ကြိုက်ဝယ်ထည့်တယ်၊ တစ်သက်လုံးနေတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဆိုင်းဘုတ်လေးတစ်ခုပါ တပ်ခဲ့ကြသေးတယ်။
အဲဒီအပေါ်ဆုံးထပ်ကိုရောက်လာသူတိုင်း ဒီအခန်းလေးကို မကြိုက်တဲ့သူမရှိဘူး။
မိုးရာသီဆိုရင် စတစ်ကာကပ်ထားတဲ့မှန်ပြူတင်းကို တဒေါက်ဒေါက်လာခေါက်တတ်တဲ့ တောင်ပံတွေ စိုရွှဲနေတဲ့ ငှက်ကလေးတွေရှိတယ်၊
လေယာဉ်ကွင်းနဲ့ ဒီလောက်မနီးလှပေမယ့် ကောင်းကင်မှာ လေယာဉ်တွေဖြတ်သွားတာ မကြာမကြာတွေ့ရတယ်။
မျက်နှာခြင်းဆိုင်အိမ်ထောင့်မှာ ကံ့ကော်ပင်လို အပင်စိမ်းစိမ်းကြီးတစ်ပင်ကို အပေါ်ထပ် ကနေ စီးမိုးမြင်ရတယ်။ ဝရန်တာမှာစိုက်ဖြစ်တဲ့ နွယ်ပင်တွေကတော့ တစ်ပင်မှ မရှင်ခဲ့ဘူး။
လသာတဲ့ညတွေဆို မိတ်ဆွေတွေနဲ့ လသာဆောင်မှာ မကြာမကြာ စကားဝိုင်းဖွဲ့ဖြစ် ကြတယ်။ တပ်မက်ဖွယ် နေရာလေးတစ်ခုပါပဲ၊ ဒါပေမယ့် လက်တန်းနိမ့်နိမ့်နဲ့ သုံးထပ်တိုက်ဝရန်တာကနေ မကြာခဏ ခုန်ချချင်စိတ်ပေါက်မိလို့ နောက်ဆုံးတော့ စွန့်ခွါခဲ့ရတယ်။
+++
ဧည့်ကြိုကောင်တာက မိန်းကလေးလိုက်ပြတဲ့ အခန်းကနေ လှမ်းမြင်နေရတဲ့ တောင်တန်းကြီးတွေကိုကြည့်ပြီး ဒီအခန်းကိုပဲယူမယ်လို့ ဆုံးဖြတ်လိုက်တယ်၊
ကွန်ဒိုငါးထပ်က လှမ်းကြည့်ရင်မြင်ရတဲ့ အိမ်ခေါင်မိုးတွေပေါ်မှာ ငှက်ကလေးတွေ ပျံလိုက်နားလိုက်လုပ်နေတာဟာ တောင်ခြေက လေယာဉ်ကွင်းထဲ နာရီဝက်တစ်ကြိမ် အတက်အဆင်းလုပ်နေတဲ့ လေယာဉ်တွေလိုပဲ အတောင်ပံတွေက အမျိုးစုံ အရောင်စုံ…၊
မိုးဖွဲဖွဲကျလာတဲ့အချိန်တွေဆို အုတ်ကျွတ်မိုး နီနီရဲရဲတွေပေါ်မှာ ငှက်ကလေးတွေ အုပ်စုလိုက်သွားနားတတ်ကြတယ်။ အတောင်တွေစိုလို့ မိုးခိုနေတာနဲ့မတူပဲ မိုးရွာထဲ ရေဆင်းချိုးနေကြသလိုထင်ရတယ်။
မို့မောက်သွယ်ဆင်းသွားတဲ့တောင်တန်းစိမ်းစိမ်းတွေကတော့ မိန်းမတစ်ယောက် လှဲလျောင်းနေသလို ရှိုက်ဖိုသွယ်လျ၊ တိမ်တွေကသာ ထိကပါးရိကပါး လာလိုက်သွားလိုက်၊ နဖူးကိုလာနမ်းရှိုက်လိုက်၊ ညဆိုရင် လူမသိသူမသိ တိတ်တိတ်ကလေး ရောက်လာလိုက်နဲ့ပေါ့၊
မိုးလင်းခါနီးထကြည့်လိုက်ရင် တိမ်သားတွေဟာ တောင်တန်းတွေကို ပွေ့ဖက်လို့ အိပ်မောကျတုန်း၊ နေခြည်ဖြာကျလာကာမှ တဖြေးဖြေးထွက်ခွါသွားတတ်တဲ့ ခရီးသွားမိုးတိမ်တွေပေါ့။
ကောင်းကင်တွေဟာ တစ်ခုနဲ့တစ်ခု မတူကြဘူး၊ အညာဒေသက ကောင်းကင်၊ သစ်ပင်ကြားကကောင်းကင်၊ ပင်လယ်ကမ်းစပ်က ကောင်းကင်၊ မြို့ပြမှာမြင်ရတဲ့ကောင်းကင်၊ တောင်တန်းဒေသက ကောင်းကင်….
မြင်ဖူးသမျှထဲမတော့ ကလေးဘဝက အစဦးဆုံးမြင်ဖူးတဲ့ ကောင်းကင်လောက် အလင်းပွင့်ဆုံး အသန့်စင်ဆုံးဖြစ်တာ မရှိတော့ဘူး၊ အရွယ်ရောက်လာနဲ့အမျှ အကိုင်းအခက်တွေအုပ်မိုးလာတဲ့ကောင်းကင်၊ ပြိုကျလာတော့မလို ဖိစီးလွှမ်းမိုးလာတဲ့ ကောင်းကင်၊ ခုန်ချချင်စိတ်ဖြစ်လာလောက်အောင် စိတ္တဇဆန်တဲ့ကောင်းကင်၊ လှည့်ဖျားတတ်တဲ့ တိမ်တွေနဲ့ကောင်းကင် အစရှိသဖြင့် အမျိုးမျိုးတွေ့လာရတယ်၊ ဒါပေမယ့်လည်း ကောင်းကင်ကို ကြည့်နေချင်တုန်းပဲ၊
အမှန်ကတော့ ကောင်းကင်ဆိုတာ imaginary dome လို့ ခေါ်တဲ့ နေတွေ လတွေ ကြယ်စင်တွေ ဂြိုလ်တွေ ခရီးသွားဖြတ်သန်းနေတာကို မြင်နေရတဲ့ ကမ္ဘာဂြိုလ်ပေါ်က စိတ်ကူးယဉ် အမိုးခုံးကြီးတစ်ခုပါပဲ၊
ပြီးတော့ သူက ဖမ်းဆုပ်ချုပ်ကိုင်ထားလို့မရတဲ့ ဟင်းလင်းပြင်တစ်ခု……။

Comments