တစ်ဝက်တစ်ပျက် အာဏာရှင်စနစ်နဲ့ နိုင်ငံရေးလောကဓံ

မွန်မွန်မြတ်

PoliticalCartoons.com Cartoon
ထိုင်းနိုင်ငံဟာ ကျွန်မရဲ့ ဒုတိယအိမ်ပါ။ ကာလအတန်ကြာခိုလှုံခဲ့၊ ပညာသင်ခဲ့၊ ရှင်သန်ခဲ့၊ တည်ဆောက်ခဲ့၊ မိမိကိုယ်မိမိ ပျိုးထောင်ခွင့်ရခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်လို့ ကျေးဇူးကြီးမား လှပါတယ်။ ၂၀ဝ၀ခုနှစ် ပါတ်ဝန်းကျင်လောက် ထိုင်းနိုင်ငံကိုရောက်စကတည်းက ကိုယ့်နိုင်ငံနဲ့ အတော်လေးကွာခြားလှတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီတန်ဖိုးတွေ စံနှုန်းတွေအပေါ် ခံစားအားကျမှုတွေ မကြာခဏဖြစ်ခဲ့ဖူးပါတယ်။
ခုတလောတော့ ကျွန်မမကြာခဏ သတိရနေမိတဲ့ ထိုင်းနိုင်ငံသား သတင်းစာဆရာတစ်ယောက်ရှိတယ်။ သူကတော့ Kavi Chongkittavorn ဆိုတဲ့ ထိုင်းနိုင်ငံထုတ် နေရှင်းသတင်းစာရဲ့ အယ်ဒီတာတစ်ယောက်ပါ။ ၂၀ဝ၄ခုနှစ်လောက်တုန်းက ကျွန်မအလုပ်လုပ်နေတဲ့ ချင်းမိုင်မြို့က J-School လို့ လူသိများတဲ့သတင်းစာပညာသင်ကျောင်းကို ထိုင်းနိုင်ငံရဲ့မီဒီယာလွတ်လပ်ခွင့် အနေအထားအကြောင်းပြောပြဖို့ Kavi ကို ဧည့်ပညာရှင်တစ်ယောက်အနေနဲ့ ဖိတ်ကြားခဲ့ပါတယ်။ Kavi ဟာ မြန်မာနိုင်ငံအရေးနဲ့ အာဆီယံအရေးကျွမ်းကျင်သူလို့ နာမည်ရလောက်အောင် ဝေဖန်ရေးဆောင်းပါးတွေအရေးကောင်းသူတစ်ယောက် လည်းဖြစ်ပါတယ်။ 
J-School သင်တန်းသားတွေနဲ့ Kavi ကြားက နှစ်နိုင်ငံအကြောင်း အပြန်အလှန်ဆွေးနွေးပွဲဟာ အတော်လေး အားကောင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ထိုက်သင့်သလောက်ရှိပေမယ့်  ထိုင်းဘုရင်ကြီးနဲ့ပါတ်သက် လာရင်တော့ အထိမခံနိုင်တဲ့အနေအထားမှာရှိနေတုန်းပဲဆိုတဲ့အကြောင်း Kavi ကဆွေးနွေးခဲ့တယ်။ 
အဖွဲ့အစည်းတစ်ခု အုပ်စုတစ်စုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေရှိနေသရွေ့ အာဏာရှင်စနစ်ဟာ အမြစ်တွယ်နေအုန်းမှာပဲဆိုတဲ့ သဘောထားမျိုးပြောပြခဲ့တဲ့အပြင်၊ ထိုင်းနိုင်ငံဟာ “တစ်ဝက်တစ်ပျက် အာဏာရှင်စနစ်” ကနေ အချိန်မရွေး “အပြည့်အဝအာဏာရှင်စနစ်” ကိုကူးပြောင်းသွားနိုင်တယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။ “အဲဒီလိုအခြေအနေမျိုးရောက်လာရင် ခင်ဗျားတို့က ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် ကူညီပြီး အရေးဆိုပေးဖို့ လိုကောင်းလိုလာလိမ့်မယ်”လို့လည်း ပြောခဲ့တယ်။ 
လွန်ခဲ့တဲ့ ၁၂နှစ်လောက်တုန်းကတော့ Kavi ဒီလိုပြောခဲ့တာဟာ ကျွန်မတို့အတွက် ပြက်လုံးတစ်ခုလိုပါပဲ။ လက်ရှိအချိန်မှာတော့ Kavi ရဲ့ဟောကိန်းအတိုင်း ထိုင်းနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက် ရောက်နေခဲ့တာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။
ထိုင်းနိုင်ငံက သတင်းစာအတော်များများမှာ မြန်မာပြည်က တရားမဝင်ရွှေ့ပြောင်း အလုပ်သမားတွေ၊ နယ်စပ်ဒုက္ခသည်စခန်းက တိုင်းရင်းသားဒုက္ခသည်တွေနဲ့ပါတ်သက်တဲ့ သတင်းတွေအတော်များများဖေါ်ပြခဲ့ဖူးပါတယ်။ 
ကုန်ပစ္စည်းတင်တဲ့အလုံပိတ်ကားတွေထဲမှာထည့်ပြီးတရားမဝင်လူကုန်ကူးခဲ့တဲ့ ထိုင်းရဲတွေကြောင့် မြန်မာအလုပ်သမားတွေသေဆုံးခဲ့ရတဲ့အကြောင်းတွေ၊ ထိုင်းဝန်ကြီးချုပ်သက်ဆင်ရှင်နဝပ်ရဲ့ “War on Drug” ဆိုတဲ့ မူးယစ်နှိမ်နင်းရေးစီမံချက် ကြောင့် ထိုင်းဗမာနယ်စပ်က ရာချီတဲ့ အပစ်မဲ့ တိုင်းရင်းသားတွေ ပစ်သတ်ခံခဲ့ရတဲ့ အကြောင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့ ဒီပဲယင်းဖြစ်စဉ်တွေ အကြောင်းတွေကို ထိုင်းနိုင်ငံက သတင်းစာတွေမှာ အကျယ်တဝံ့ဖေါ်ပြခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရွှေထီးဆောင်းခဲ့တဲ့ခေတ်တစ်ခုရှိခဲ့ပြီး လွတ်လပ်စွာထုတ်ဖေါ် ရေးသားခွင့်တွေ၊ ပြောရေးဆိုခွင့်တွေ မီဒီယာလွတ်လပ်ခွင့်တွေ အတော်များများရှိခဲ့ဖူးတာ ဘယ်လိုမှမငြင်းနိုင်ပါဘူး။
ထိုင်းသတင်းစာဆရာမ တစ်ယောက်ဟာ ထိုင်းဝန်ကြီးချုပ် သက်ဆင်နဲ့တရားရင်ဆိုင်ရတဲ့ အမှုတစ်ခုမှာ တရားနိုင်ခဲ့ဖူးတယ်။ ထိုင်းနိုင်ငံက သတင်းစာဆရာတွေ ပညာတတ်နိုင်ငံရေးသမားတွေက အင်မတန် တန်ခိုးထွားတဲ့ ကိုယ်ကျိုးရှာစီးပွါးရေးသမား ဝန်ကြီးချုပ်သက်ဆင်ရှင်နဝပ်ကို ဖြုတ်ချခဲ့ဖူးတယ်။ 
တချိန်က ဝန်ကြီးချုပ်သက်ဆင်ကိုထောက်ခံခဲ့သူတစ်ဦးလည်းဖြစ် သတင်းစာသမားဘဝ ကနေ မီဒီယာလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်လာတဲ့ ဆွန်ဒီ နဲ့ ဝန်ကြီးချုပ်သက်ဆင်တို့ အကြားဖြစ်ပွါးခဲ့တဲ့ စီးပွါးရေးပြဿနာတွေကြောင့် ထိုင်းနိုင်ငံမှာ နိုင်ငံရေးခြေထိုးမှုတွေ ဖြစ်ပွါးလာခဲ့ပါတယ်။
သတင်းစာသမားဘဝကနေ မီဒီယာလုပ်ငန်းရှင်ကြီးဖြစ်လာတဲ့ ဆွန်ဒီဟာ မီဒီယာကို နိုင်ငံရေးမှာ ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်းသိလာခဲ့တဲ့နောက်မှာ People's Alliance for Democracy (PAD) ဆိုတဲ့ နိုင်ငံရေးပါတီတစ်ခုတည်ထောင်ခဲ့ပြီး သူပိုင်ဆိုင်တဲ့ မီဒီယာတွေကတစ်ဆင့် သက်ဆင်ဆန့်ကျင်ရေးမဲဆွယ်ပွဲတွေ အကြီးအကျယ်လုပ်ခဲ့တယ်။
ဒါတင်မကသေးဘူး၊ ဆွန်ဒီဟာ လူအများစုကို သူ့ဘက်ပါအောင် ဘယ်လိုမဲဆွယ်ရမယ် ဆိုတဲ့နည်းလမ်းကိုလည်း ကောင်းကောင်းသိတဲ့အတွက် ထိုင်းနိုင်ငံသားတွေရဲ့ ဘုရင်အပေါ်အစွန်းရောက်ချစ်ကြည်ညိုမှုကို နိုင်ငံရေးမှာအသုံးချခဲ့တယ်။ 
၂၀ဝ၅ခုနှစ်လောက်က သက်ဆင်ဆန့်ကျင်ရေးမဲဆွယ်ပွဲတွေမှာ ဆွန်ဒီသုံးခဲ့တဲ့ ဆောင်ပုဒ်က "We Fight for the King" ဘုရင်ကြီးအတွက် တိုက်ပွဲဝင်ကြစို့ ဆိုတဲ့ဆောင်ပုဒ်ဖြစ်တယ်။ သက်ဆင်ဆန့်ကျင်ရေးလူထုအုံကြွမှုတွေဖြစ်လာပြီး သိပ်မကြာခင် ၂၀ဝ၆ခုနှစ်မှာပဲ ထိုင်းစစ်တပ်က အာဏာဝင်သိမ်းပြီး သက်ဆင်အစိုးရကို ဖြုတ်ချခဲ့တယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ စစ်အာဏာသိမ်းမှု အဖြစ်ပွါးဆုံးနိုင်ငံတစ်နိုင်ငံထဲမှာပါဝင်ပါတယ်။ ၂၀၁၄ခုနှစ်က နောက်ဆုံးဖြစ်ပွါးခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ဆိုရင် ထိုင်းနိုင်ငံမှာ ၁၉၃၂ခုနောက်ပိုင်း စစ်အာဏာသိမ်းမှုပေါင်း ၁၈ကြိမ်လောက်ဖြစ်ခဲ့ပြီးပါပြီ။


Thailand's long and funny coup www.abc.net.au

စစ်အာဏာသိမ်းလိုက်တဲ့အတွက် တိုင်းပြည်မှာ ဆူပူအုံကြွမှုတွေမရှိတော့ဘူးလား။ ဘာတွေကောင်းလာပြီး ဘာတွေဆိုးလာသလဲလို့မေးစရာရှိပါတယ်။ စစ်အာဏာသိမ်းခံလိုက်ရတဲ့အတွက် လမ်းမပေါ်မှာ ဆူပူအုံကြွမှုတွေမရှိတော့ဘူး။ စီးပွါးရေးလုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်လာတယ်။ ငြိမ်ဝပ်ပိပြားလာတယ်။ ဒါတွေဟာ မြင်သာတဲ့ရလာဒ်တွေလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်မတို့ကိုယ်တွေ့ကြုံဖူးထားတဲ့အတိုင်းပဲ စစ်အုပ်အုပ်ချုပ်ရေးအောက်မှာ နေရတဲ့ လူတွေဟာ နိစ္စဓူဝ အကြောက်တရားနဲ့သာနေနေရတော့တယ်။ 
စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့သင်္ကေတ လက်သုံးချောင်းထောင်တာကအစ၊ မျက်စိပိတ်နားပိတ်ပါးစပ်ပိတ်ထားတဲ့ မျောက်သုံးကောင်ပုံသရုပ်ပြတာ၊ စစ်အုပ်ချုပ်ရေးဆန့်ကျင်သူမိတ်ဆွေအချို့နဲ့ကော်ဖီဆိုင်ထိုင်တာ၊ တီရှပ်ဝတ်တာ၊ ဆိုရှယ်မီဒီယာမှာ ကလစ်ကလေးတစ်ချက် နှိပ်မိတာအဆုံး အချိန်မရွေးအရေးယူခံရမယ့် အနေအထားကိုရောက်သွားပါတော့တယ်။
နယ်စည်းမခြားသတင်းသမားအဖွဲ့ရဲ့ညွှန်းကိန်းတွေအရဆိုရင်ထိုင်းနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်အဆင့်အတန်းဟာ ၂၀ဝ၄ခုနှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း ၁၂နှစ်လောက်အတွင်းမှာ သုံးဆနီးပါးကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။
မီဒီယာလွတ်လပ်ခွင့်မရှိတော့ဘာအရေးကြီးသလဲ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့က အဓိကပဲလို့ အငြင်းပွါးဖွယ်ရာရှိကောင်းရှိနိုင်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်ပျောက်ဆုံး တာနဲ့တပြိုင်တည်း လူတွေဟာမျက်စိပိတ်နားပိတ်ဖြစ်လာမယ်။ တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေကျဆင်းလာမယ်။ တီထွင်ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးလာမယ်။ ကောလဟာလတွေကိုယုံလွယ်ပြီး အကြောက်တရားကသာ အရာရာကို ဦးဆောင်နေလိမ့်မယ်။ 
“Knowledge is Power” ဆိုတဲ့စကားအတိုင်း အသိအမြင်ဗဟုသုတ မရှိတဲ့လူမျိုးဟာ စွမ်းဆောင်ရည်မဲ့တဲ့ လူ့အန္ဓအဖြစ်နဲ့သာ ရှင်သန်ကြရပါလိမ့်မယ်။
တစ်ပါတီအာဏာရှင်စနစ်နဲ့စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ နှစ်ငါးဆယ်ကျော်ကြာခဲ့တဲ့ မြန်မာပြည်မှာ နိုင်ငံရေး၊စီးပွါးရေး၊ပညာရေး ဘယ်လောက်တောင်မှ ချွတ်ခြုံကျ သွားခဲ့ရသလဲဆိုတာက ကျွန်မတို့မျိုးဆက်တွေရဲ့ ကိုယ်တွေ့သက်သေတစ်ခုပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိထိုင်းခရီးစဉ်အတွင်းမှာ ထိုင်းစစ်အစိုးရရဲ့ စီမံအုပ်ချုပ်မှုညံ့ဖျင်းပုံ၊ မြန်မာအလုပ်သမားတွေကို မျက်စိပိတ်၊နားပိတ်၊ ပါးစပ်ပိတ်ဖြစ်အောင် လုပ်ထားပုံတွေက ကမ္ဘာ့မီဒီယာတွေရှေ့မှာ ဖုံးမရဖိမရ ပေါ်လွင်သွားခဲ့ပါတယ်။ 
သူတို့စိတ်ကြိုက်ရွေးခေါ်ထားတဲ့ မြန်မာအလုပ်သမားတွေအပေါ် ထိုင်းစစ်အစိုးရက “ဒေါ်အောင်ဆန်းစုကြည်ဝင်လာတဲ့အခါ မတ်တပ်ထခြင်း အော်ခေါ်ခြင်း ရယ်ခြင်း မပြုရ”ဆိုပြီး ကလေးကလားဆန်တဲ့ ကန့်သတ်ချက်တွေထုတ်ခဲ့ပါတယ်။
အလုပ်သမားတွေလက်ထဲ မိုက်ကရိုဖုန်းထည့်မပေးတဲ့အတွက် သဲသဲကွဲကွဲမကြားရတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်သမားတွေရှိရာဆီ ကိုယ်တိုင်သွားပြီး နားထောင်ခဲ့တယ်။ နှစ်နိုင်ငံချစ်ကြည်ရေးကို မထိပါးစေမယ့် ဆုံးမစကားတွေကို ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ကိုးစားမှုဟာ ထိုင်းနိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာပါ ကူးစက်ခဲ့ပါတယ်။ နေရှင်းသတင်းစာမျက်နှာဖုံးမှာ ခေါင်းစည်းစာလုံးမည်းကြီးတွေနဲ့ “အမေစုသံတွေ ဘဝဂ်ညံသွားတဲ့ကြိုဆိုမှု” ဆိုပြီးရေးသားခဲ့ကြတယ်။
မြန်မာနိုင်ငံက ဒီမိုကရေစီအပြောင်းအလဲဟာ စစ်အုပ်ချုပ်ရေးအမှောင်ထုအောက်က ထိုင်းနိုင်ငံကို လှုပ်နှိုးခဲ့ပါပြီ။
ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ရင်ဘတ်တွေထဲကထွက်လာတဲ့ “အမေစု”ဆိုတဲ့အသံဟာ ထိုင်းစစ်အစိုးရကို တုန်လှုပ်စေခဲ့ပါပြီ။ 
တစ်ကယ်တော့ စစ်အုပ်ချုပ်ရေးကနေ အရပ်သားစစ်စစ်အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းစ ကျွန်မတို့နိုင်ငံမှာ အဖွဲ့အစည်းတစ်ခု အုပ်စုတစ်စုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေအမြစ်တွယ်နေတုန်းပဲရှိပါသေးတယ်။ တစ်ချိန်က Kavi ဟောကိန်းထုတ်ခဲ့ သလိုမျိုးပဲ “တစ်ဝက်တစ်ပျက် အာဏာရှင်စနစ်” ကနေ အချိန်မရွေး “အပြည့်အဝအာဏာရှင်စနစ်” ကိုကူးပြောင်းသွားနိုင်သေးတယ် ဆိုတာ ကျွန်မတို့မမေ့သင့်သေးပါဘူး။
ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီခိုင်မြဲရေးအတွက် ကျွန်မတို့တစ်ဦးခြင်းစီရဲ့ အားထုတ်မှုဟာ အိမ်နီးခြင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက်လည်း အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က မီဒီယာကွန်ဖရန့်တစ်ခုမှာ မထင်မှတ်ပဲ Kavi နဲ့ ပြန်တွေ့ရချိန်မှာတော့ ကျွန်မ မေးခွန်းတစ်ခုမေးမိတယ်။ “ငါတို့ကူရမယ့်အလှည့် ရောက်နေပြီလား Kavi” လို့ဆိုတော့ သူက လှိုက်လှိုက်လှဲလှဲခေါင်းငြိမ့်ပြီး “ဒီတစ်ခါမင်းတို့ကူရမယ့်အလှည့်ပဲ” လို့ပြောခဲ့ပါတယ်။
ကျွန်မမြင်ယောင်မိပါရဲ့၊ “Rousing Welcome for “Amay Suu”” ဆိုတဲ့ နေရှင်းသတင်းစာမျက်နှာဖုံးခေါင်းစည်းကိုကြည့်ပြီး Kavi ပြုံးနေလိမ့်မယ်ဆိုတာ…။
ပြီး။

Comments