စည်းမျဉ်းခံစစ်ဘုရင်စနစ်နဲ့ လိပ်ပြာတောင်ပံခတ်သံ (၃)
မွန်မွန်မြတ်
အာဏာရှင်စနစ်အောက်မှာ လိပ်ပြာတောင်ပံခတ်ခြင်းဟာ အာဏာရှင်ဆီကသာ တိုက်ရိုက်လာပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ဆီ သွားတဲ့လမ်းမှာတော့ လိပ်ပြာတစ်ကောင်ခြင်းစီက ခတ်လိုက်တဲ့ တောင်ပံခတ်သံတွေက အရေးပါလာပါတယ်။
၁၉၉ဝကနေ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်အထိ ကာလတွေဟာ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်တွေအတော်များများ ထောင်သွင်းအကျဉ်းချခံထားရလို့ မြန်မာပြည်မှာ နိုင်ငံရေးအကျပ်အတည်း ဆိုက်နေတဲ့ ကာလဖြစ်တယ်။
အလုံပိတ်ထားတဲ့ပန်ဒိုရာသေတ္တာတစ်လုံးနဲ့တူတဲ့ နိုင်ငံတစ်နိုင်ငံထဲကနေ အခြားသော နယ်မြေသစ်များဆီ အကြောင်းအမျိုးမျိုးနဲ့ ထွက်လာကြတဲ့ လူငယ်များဟာ မြန်မာ့စွန့်ဦးတီထွင် နိုင်ငံရေးပညာရှင်များပါပဲ။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ကျောင်းသားအတော်များများဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေရာကနေ နှလုံးရည်တော်လှန်ရေးလုပ်ဖို့ လမ်းကြောင်းသစ်တွေ ရွေးချယ်လာကြတယ်။ တချို့က သတင်းမီဒီယာလောကထဲဝင်ရောက်လာကြသလို၊ တချို့က လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်လာကြတယ်။
တချို့က နိုင်ငံရေးခေါင်းဆောင်မှုသင်တန်းတွေ တက်ရောက်ကြပြီး မြေအောက်ကွန်ယက်တွေကတဆင့် ပြည်တွင်းက မိတ်ဆွေတွေဆီ နိုင်ငံရေး အသိပညာ မျှဝေကြတယ်။ တချို့က နိုင်ငံတကာကို ထိုးဖေါက်ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တကမ္ဘာလုံးသိအောင် လှုံ့ဆော်လာကြတယ်။
ချင်းမိုင်က သတင်းစာပညာသင်တန်းကျောင်းမှာ ပညာသင်ခဲ့ အလုပ်လုပ်ခဲ့တုန်းက ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေထဲမှာ ABSDF က ကျောင်းသားအတော်များများပါပါတယ်။ ကျောင်းသားတပ်မတော်လို့ ပြည်ပရေဒီယိုအစီအစဉ်တွေမှာ နားထောင်ရတိုင်း လေးစားချစ်ခင်ခဲ့ရတဲ့ မောင်နှမတွေကို အရှင်လတ်လတ် အပြင်မှာတွေ့ရတော့ အားတက်စရာ ဖြစ်ရတယ်။
ကျရာနေရာကနေ အသီးသီး အလုပ်တွေလုပ်နေကြတဲ့ မောင်နှမတွေရဲ့ လိပ်ပြာတောင်ပံခတ်သံတွေဟာ နိုင်ငံရေးအပြောင်းအလဲအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်ခဲ့တာ အမှန်ပါပဲ။
တချိန်တည်းမှာပဲ ပြည်တွင်းက တဝက်တပျက်လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းမီဒီယာ တွေပေါ်မှာလည်း နိုင်ငံရေး၊ စီးပွါးရေးနဲ့ပါတ်သက်တဲ့ သတင်းတွေ ဆောင်းပါးတွေ ရေးသားပြီး လူထုကို အသိပညာဖွင့်ပေးဖို့ ကြိုးစားလာကြတယ်။ နိုးကြားတဲ့ လူလတ်ပိုင်း ပညာတတ်တွေ၊ အကျဉ်းထောင်တွေထဲကနေ တဖွဲဖွဲ လွတ်မြောက်လာကြတဲ့ လူငယ်နိုင်ငံရေးသမားတွေက ဦးဆောင်ပြီး အကြမ်းမဖက် နိုင်ငံရေး အန်တုမှုတွေ စတင်လာကြတယ်။
တိုင်းပြည်မှာ နိုင်ငံရေးအကျပ်အတည်းဆိုက်ရောက်နေတဲ့ အချိန်ကာလမှာပဲ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုတစ်ခုတည်းအပေါ် အခြေတည်တဲ့ နိုင်ငံရေးအစဉ်အလာကို ချိုးဖေါက်ပြီး၊ မျိုးဆက်သစ် လူငယ် လူလတ် နိုင်ငံရေးသမားတွေနဲ့ အစားထိုးဖို့လမ်းကြောင်းကို တချို့က စတင်လာခဲ့ ကြတယ်။
အဲဒီလို တစ်ဦးခြင်း တစ်ယောက်ခြင်း တစ်စုခြင်း တစ်ဖွဲ့ခြင်း တောင်ပံခတ်ကြရာကနေ စစ်အုပ်စုကို အကျပ်ရိုက်စေတဲ့ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းလိုမျိုး ကမ္ဘာကျော် လူထုအုံကြွမှုတစ်ခု ပေါ်ပေါက်လာခဲ့တယ်။
အဲဒီနောက်ပိုင်းမှာတော့ “အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ကို အတိအလင်းပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေကို ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်နေတဲ့ အချိန်မှာပဲ တက်သုတ်ရိုက်ဆန္ဒခံယူပွဲလုပ်ပြီး စစ်အစိုးရက အတည်ပြုခဲ့ပါတယ်။
အဲဒီအခြေခံဥပဒေအားကိုးနဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး၊ အရပ်ဝတ်ပြောင်းထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း လွှတ်တော်အမတ်အများစုနဲ့ တမတ်သား တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်ဟာ အသက်ဝင်လာခဲ့တယ်။
ယူနီဖေါင်းချွတ် စစ်ဗိုလ်ချုပ်ဟောင်းကြီးများ ဦးဆောင်တဲ့ အစိုးရတစ်ရပ်က ဒီမိုကရေစီနိုင်ငံတချို့မှာ ခုချိန်ထိကျင့်သုံးနေဆဲ စည်းမျဉ်းခံဘုရင်စနစ်နဲ့ ခပ်ဆင်ဆင်တူတဲ့ စည်းမျဉ်းခံ စစ်ဘုရင်စနစ် ကို ၂၀၀၈အခြေခံဥပဒေအောက်ကဆက်လက် ဖေါ်ဆောင် ကြပြန်ပါတယ်။
၂၀၁ဝရွေးကောက်ပွဲအပြီး တစ်ပါတ်အတွင်းမှာပဲ နှစ်ရှည်လများ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ရတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ နိုင်ငံရေးလမ်းကြောင်းကို သွားချင်တဲ့သူတွေ ဘယ်လောက်ပဲများများ၊ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အစဉ်တစိုက်ရှိနေခဲ့တဲ့ လူထုထောက်ခံမှုအားကို ဘယ်သူကမှ မယှဉ်နိုင်ခဲ့တာဟာ အငြင်းပွါးစရာ မဟုတ်ခဲ့ပါဘူး။
၁၅နှစ်ကြာနေအိမ်အကျယ်ချုပ်က လွတ်လွတ်ခြင်းမှာ လူထုကို သူပြောခဲ့တာက ဒီမိုကရေစီစနစ်တစ်ခုထူထောင်ဖို့ ကျွန်မတို့အတူတူ ၀ိုင်းလုပ်မှရမယ် ဆိုတဲ့ စကားပဲဖြစ်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့ မိုးကုပ်စက်ဝိုင်းကြီးဆီကို လိပ်ပြာပေါင်း ထောင်သောင်းချီတောင်ပံခတ်ပြီး အတူတကွပျံသန်းကြဖို့ တပ်လှန့်သံတစ်ခုဖြစ်ခဲ့ပါတယ်။
၂၀၁ဝကနေ ၂၀၁၅ ခုနှစ်ကာလအတွင်းမှာ မီဒီယာလွတ်လပ်ခွင့်တွေ ဖွံ့ဖြိုးတိုးတက်လာတယ်။ အသိအမြင်ဖွင့်ပေးတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အပြိုင်းအရိုင်းပေါ်ပေါက်လာကြတယ်။ နိုင်ငံရေးနိုးကြားမှုတွေ လူထုကြားမှာ တဖွါးဖွါးပေါ်လာတယ်။ အသိအမြင်ပွင့်လင်းလာတာနဲ့အမျှ အကြောက်တရားတွေလည်း လျော့ပါးလာခဲ့ပါတယ်။
ဒီမိုကရေစီလိပ်ပြာတောင်ပံခတ်မှုရဲ့ အကျိုးဆက်ဟာ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ ရော ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာပါ လူထုပါတီ NLD ကို အနိုင်ရစေခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာနှုန်းကလွဲလို့ လူထုရွေးကောက်တင်မြှောက် လိုက်တဲ့ အရပ်သားကိုယ်စားလှယ်အများစု ပါဝင်တဲ့ အစိုးရသစ်တစ်ရပ်ကို ဖွဲ့နိုင်ခဲ့ပါတယ်။
သို့ပေမယ့်လည်း အကြောက်တရားတွေကြောင့် တစ်နိုင်ငံလုံး နှုတ်ဆိတ်နေခဲ့ရတဲ့ ကာလတစ်ခုတုန်းက စနစ်တကျ အချိန်ယူပြီး ရေးဆွဲထားခဲ့တဲ့ စည်းမျဉ်းခံ စစ်ဘုရင်စနစ်ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့အတူ ခုချိန်ထိ ရှိနေဆဲပါပဲ။ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍဆိုတဲ့ နိုင်ငံ့အိမ်ဦးခန်းမှာ တာဝန်ထမ်းဆောင်နေတုန်းပါပဲ။
စစ်အာဏာရှင်စနစ်ရဲ့ အထီးကျန်လိပ်ပြာဟာ တောအုပ်စိမ်းစိမ်းကြီးရဲ့ တထောင့်တနေရာမှာ ခိုလှုုံနေတုန်းပဲရှိပါသေးတယ်။ သူခတ်လိုက်တဲ့ တောင်ပံတစ်ချက်ဟာ ဗမာလူမျိုးကြီးဝါဒဆိုတဲ့ စိတ်ဝမ်းကွဲစေတဲ့ ၀ါဒအဟောင်းအဆွေးတွေကို မီးမွှေးကောင်း မွှေးနိုင်ပါလိမ့်အုန်းမယ်။
သူ့တောင်ပံခတ်သံကြောင့် ကျဉ်းမြောင်းတဲ့ လူမျိုးရေးဘာသာရေးအယူဝါဒတွေ ခေါင်းထောင်ထလာပြီး၊ အမုန်းတရားတွေ တောမီးလို ပြန့်လွင့်ကောင်း လွင့်လာနိုင်ပါသေးတယ်။
မပြီးဆုံးနိုင်သေးတဲ့ နယ်မြေလုပွဲတွေ၊ မကုန်ဆုံးနိုင်သေးတဲ့ သယံဇာတကျိန်စာ တွေကြောင့် သွေးမုန်တိုင်းအသစ်တွေ ရိုက်ခတ်လာနိုင်ပါသေးတယ်။
စစ်အာဏာရှင်စနစ်ရဲ့ အထီးကျန်လိပ်ပြာကို ကျွန်မတို့ဘယ်လို ပြောင်းလဲလာအောင် လုပ်ကြမလဲ၊ ဘယ်လို မိတ်ဆွေဖွဲ့ကြမလဲ။
ကျွန်မက လိပ်ပြာလေးတစ်ကောင် ဒါမှမဟုတ် ရှင်က လိပ်ပြာလေးတစ်ကောင် ဆိုပါစို့၊ ကျွန်မတို့ အခုကစပြီး စဉ်းစားရမှာက ကျွန်မတို့တောင်ပံတွေကို ဘယ်လိုစခတ်လိုက်မလဲ ဆိုတာဖြစ်တယ်။ ချစ်ခြင်းမေတ္တာ ဉာဏ်ပညာနဲ့လား ဒါမှမဟုတ် အမုန်းတရား အာဃတ တွေနဲ့လား။ ကျွန်မကတော့ ဒီကဗျာလေးနဲ့ ကျွန်မတောင်ပံအစုံကို ဖြည်းဖြည်းသာသာ စခတ်ကြည့်မိတယ်။
အရှေ့ဖက်တောအုပ်က လိပ်ပြာတောင်ပံခတ်သံ သဲ့သဲ့ကြား
“သွေးမုန်တိုင်း”တွေ ထန်လာအုန်းမလား
စာသူငယ်တွေရဲ့ အကြောက်တရားနဲ့ တွေးမိတယ်
အနောက်ဖက်ပင်လယ်က လိပ်ပြာတောင်ပံခတ်သံ သဲ့သဲ့ကြား
ဆူနာမီလှိုင်းတွေ အပြိုင်းအရိုင်းလာအုန်းမလား
တံငါသည်တွေရဲ့ သောကနဲ့ တွေးမိတယ်
လိပ်ပြာရေ ….
ချစ်ခြင်းမေတ္တာ ဉာဏ်ပညာနဲ့
တောင်ပံအစုံကို ဖြည်းဖြည်းသာသာ ခတ်လိုက်ပါ
မေတ္တာတောင်ပံခတ်ရင် မေတ္တာသာ ရောင်ပြန်ဟပ်ပါလိမ့်
ဉာဏ်ပညာ တောင်ပံခတ်တဲ့အခါ
စကြာဝဋ္ဌာ အနန္တက သတ္တဝါမှန်သမျှတို့
ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းပါလိမ့် ။ ။

Cover Photo Credit: Htin Lynn Aung

Comments
Post a Comment