ကျွန်မရဲ့ပွင့်ဦးကြွေ

မြတ်


ကဗျာအဟောင်းတွေ ဝတ္တုတိုအဟောင်းတွေ ပြန်ရှင်းနေရင်းနဲ့ ကဗျာတစ်ပုဒ်ချင်း ဝတ္တုတိုတစ်ပုဒ်ချင်း ရေးဖြစ်ခဲ့ပုံတွေအကြောင်း တဖြည်းဖြည်းပြန်သတိရလာမိတယ်။ ရုပ်ရှင်ထဲကလို အတိတ်မေ့တဲ့သူ ခေါင်းအရိုက်ခံရလို့ ပြန်သတိရလာသလိုမျိုးလေ…။
၁၉၈၈ ကျောင်းသားအရေးအခင်းကြောင့် ကျောင်းရက်ရှည်ပိတ်လို့ မပြန်ခင် ပေဖူးလွှာမဂ္ဂဇင်းကိုပို့ထားခဲ့တဲ့ ဝတ္တုတိုလေးက နောက်တစ်နှစ်ကြာမှ ပေလွှာဖူးသစ်ကဏ္ဍမှာပါလာခဲ့တယ်။ “ခူးခူဝိုင်” ဆိုတဲ့ပထမဆုံးကလောင်နာမည်နဲ့ပေါ့။
ကလောင်နာမည်အနေနဲ့သုံးချင်လို့ အတန်းဖေါ် ဂစ်တာတီးဖက် ကျောင်းလစ်ဖက် သူငယ်ချင်းကရင်မလေး နော်ဘွယ်သိန်းကို ငါ့ကို ကရင်နာမည်တစ်ခုပေးပါဆိုတော့ သူက “ခူးခူ”လို့ နာမည်ပေးခဲ့တယ်။ နင်ကအေးချမ်းလို့ မြန်မာလို “အေးအေး”လို့ အဓိပါယ်ထွက်တဲ့ နာမည်ပေးတာဆိုပဲ။
နကိုယ်က ကိုယ်ဖါသာကြိုက်လို့သုံးမယ်လို့ ရည်ရွယ်ထားတဲ့ “ဝိုင်”ဆိုတဲ့ နာမည်လေးကို တမြို့တည်းသား အစ်မ “ဂျူး”ရဲ့ညီမ မယဉ်မွန်က ကလောင်နာမည်အနေနဲ့ သုံးထားတာကို သူ့ရဲ့ ပုံနှိပ်ဝတ္တုတစ်ချို့မှာ တွေ့နေရပြီဆိုပေမယ့် “ဝိုင်”ကြိုက်တဲ့ဗီဇကို မစွန့်လွှတ်နိုင်လို့ “ခူးခူ” နောက်မှာ “ဝိုင်”ထည့်ပြီး  “ခူးခူဝိုင်”လုပ်ချလိုက်တယ်။ အေးသောဝိုင်ပေါ့။ တကယ်တော့ အဲဒီအရွယ်တုန်းက ဘာဝိုင်မှမသောက်ဖူးသေးတာ အမှန်ပါ။ ခုချိန်မှာ ပြန်တွေးတော့ ပြုံးချင်စရာပါ။
ပေဖူးလွှာမှာ ပထမဆုံးစာမူပါလာပြီး သူငယ်ချင်းတွေက (မှတ်မှတ်ရရ ဇေယျာကွေး၊ ကဗျာဆရာ ညလယ်မိုး ထင်တာပါပဲ) “ခူးခူဝိုင်” ဆိုတဲ့နာမည်ကို “ခိုးလို့ခုလုဝိုင်” လို့နောက်ကြတော့ ကလောင်နာမည်ပြောင်းမှဖြစ်မယ်ဆိုပြီး ရွေးဖြစ်တယ်။ အဲဒီအချိန်က ပေဖူးလွှာမဂ္ဂဇင်းမှာ လုပ်နေတဲ့ မိတ်ဆွေစာရေးဆရာ ကိုယဉ်ရွှန်းက ကူရွေးပေးတယ်။ “ယွန်းရွှေရည်”တဲ့၊ နာမည်လေးကသိပ်လှတော့ သဘောကျသွားပြီး အဲဒီနာမည်နဲ့တစ်ပုဒ်စ နှစ်ပုဒ်စ ဆက်ရေးဖြစ်တယ်။ ပေဖူးလွှာမှာ တစ်ပုဒ်၊ ရနံ့သစ်မဂ္ဂဇင်း အမှတ် (၁၁)မှာ ဝတ္တုတိုတစ်ပုဒ်ပါလာတယ်လို့ပဲ မှတ်မိတယ်။
ဒါပေမယ့် ကိုယ့်ဖါသာရွေးတဲ့ နာမည်တစ်ခုပဲဖြစ်ချင်လို့ နောက်ဆုံးတော့ ကိုယ်မွေးမယ့်ညက အဖေကိုယ်တိုင်အသေအချာရွေးပေးထားတဲ့ “မွန်မွန်မြတ်”ဆိုတဲ့ နာမည်ရဲ့ နောက်ဆုံးစာလုံး “မြတ်”ကိုပဲ ယူဖြစ်လိုက်တယ်။
အမေမေးနေကျ ဗေဒင်ဆရာကို အမေက ကျွန်မ ကလောင်နာမည် ကိုတွက်ကြည့်ခိုင်းတော့ မြတ်ဆိုတာ အသံကပြတ်နေတယ်တဲ့၊ ဒီနာမည်နဲ့ဆို နာမည်ကြီးမှာမဟုတ်ဘူး လို့ပြောတယ်။ ကိုယ်က နာမည်ကြီးချင်လို့စာရေးတာမှ မဟုတ်တာ၊ စာရေးချင်လို့ရေးတာပဲ ဒီနာမည်ပဲယူမယ်ဆိုပြီး “မြတ်”ဆိုတဲ့ နာမည်နဲ့ပဲ ခုချိန်ထိဆက်ရေးလာခဲ့တာ။ တစ်ကယ်လည်း နာမည်ကြီး မလာပေမယ့် စာပေအသိုင်းအဝိုင်းက မိတ်ဆွေတွေက မြတ်လို့ အသိအမှတ်ပြုခံရတာနဲ့ပဲ ရေးလို့ပျော်နေပြီလေ။
ကလောင်နာမည် “မြတ်”နဲ့ ပထမဆုံးရေးခဲ့တဲ့ “ကျွန်မရဲ့ပွင့်ဦးကြွေ” ဆိုတဲ့ကဗျာလေး ဟန်သစ်မဂ္ဂဇင်း အမှတ်(၉)မှာ စပါလာလို့ ပျော်ရတဲ့ အပျော်က ဘာနဲ့မှ မတူဘူး။
ဒီလိုနဲ့ ဟန်သစ်မဂ္ဂဇင်းမှာ ပင်တိုင်လိုရေးဖြစ်သွားတယ်။ စီးပွါးရေးတက္ကသိုလ် ကျောင်းသူဘဝက စာမူခမှန်မှန် သွားထုတ်ခဲ့ဖူးတဲ့နေရာဆိုလို့ ဟန်သစ်မဂ္ဂဇင်းကိုပဲ အမှတ်တရရှိတယ်။
လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ ဟန်သစ်မဂ္ဂဇင်းထွက်တာနဲ့ ကိုယ့်စာမူပါလား အပြေးအလွှားသွားကြည့်၊ စာမူပါရင် နောက်နေ့ဆို ကျောင်းလစ်ပြီး စာမူခ သွားထုတ်တယ်။ တာမွေ အောင်မင်္ဂလာမှတ်တိုင်မှာဆင်းပြီး ၁၃၅လမ်းထဲက ကိုတင်ကိုအောင်တို့ ဟန်သစ်မဂ္ဂဇင်းတိုက်မှာ စာမူခသွားထုတ်ရတဲ့ အရသာဟာ ခုတွေးကြည့် ခုချိုတုန်းပဲ။
ကိုယ့်စာမူပါတဲ့မဂ္ဂဇင်းလေးတွေကို ကိုယ့်ရတနာသေတ္တာလို့တင်စားထားတဲ့ ထင်းရူးသေတ္တာထဲမှာထည့်ပြီး နှစ်ပေါင်းများစွာ တယုတယသိမ်းထားခဲ့တယ်။ အဲဒီသေတ္တာကို ကိုယ်သိပ်တန်ဖိုးထားမှန်းသိတဲ့ အဒေါ်ကလည်း ကိုယ်အိမ်နဲ့ဝေးနေတဲ့ ကာလရှည်တစ်ခုမှာတောင် ပရုပ်လုံးမှန်မှန်ထည့်ပြီး ကြွက်မကိုက် ခြမစားအောင် ထိန်းသိမ်းထားခဲ့တယ်။
အိမ်ခဏပြန်လာတိုင်းပြန်လာတိုင်း အဲဒီသေတ္တာကိုဖွင့်ကြည့်ပြီး မဂ္ဂဇင်းမှာပါခဲ့တဲ့ စာမူအဟောင်းတွေဖတ်ရတဲ့ အရသာက ဘာနဲ့မှမတူဘူး။ကိုယ်ရန်ကုန်ပြန်ရောက်ပြီးကာမှ အမေက အဲဒီသေတ္တာကို နေရာရွှေ့ပစ်လိုက်တော့ ခြစားတဲ့အခန်းထဲဖြစ်နေတော့တာ။
ခရီးတိုတွေမကြာခဏထွက်ပြီး အလုပ်များနေလို့ အဲဒီသေတ္တာလေးကို အတော်ကြာကြာ ဖွင့်မကြည့်ဖြစ်ပဲ ရှိခဲ့ရာက တစ်ရက်မှာ ဖွင့်ကြည့်မိတော့ ကိုယ်အသည်းကွဲရတာပါပဲ။ ခြတွေအထပ်လိုက်စားနေတဲ့ မဂ္ဂဇင်းဟောင်းတွေထဲက ကိုယ့်စာမူပါတဲ့ စာမျက်နှာလေးတွေကို မျက်ရည်တရွှဲရွှဲကြားထဲက ပြန်ဆွဲထုတ်ရတယ်။ နှမြောစရာကောင်းတာက ဟန်သစ်မဂ္ဂဇင်းမှာ ပထမဆုံးပါလာခဲ့တဲ့ ပုံနှိပ်ကဗျာလေးကို ထိန်းသိမ်းမထားနိုင်ခဲ့တော့ဘူး။ “ကျွန်မရဲ့ပွင့်ဦးကြွေ”ဆိုတဲ့ ပညတ်နောက်မှာ ကိုယ့်ရဲ့ကဗျာပွင့်ဦးလေး ကြွေခဲ့ရပုံပေါ့။

Comments