သွေးမုန်တိုင်းနဲ့လိပ်ပြာတောင်ပံခတ်သံ (၂)
မွန်မွန်မြတ်
ရက်ပိုင်းအတွင်း သမ္မတသုံးယောက်ပြောင်းပေးပေမယ့်လည်း မဆလပါတီကို လုံးလုံးလက်မခံချင်တော့တဲ့ လူထုက “No” ပါပဲ ဆိုတော့ စစ်အုပ်ချုပ်ရေး လိပ်ပြာ နောက်တစ်ကြိမ် တောင်ပံခတ်ပြန်ပါတော့တယ်။
လက်ထဲမှာ လက်နက်ရှိရင် လူသတ်ရတာ အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ထမင်းအိုးပွက်သလို ဟိုတစ်ပွက် ဒီတစ်ပွက် ပွက်နေတဲ့ နိုင်ငံတစ်နိုင်ငံကို လက်နက်ချည်းသက်သက်နဲ့ ရေရှည်အုပ်ချုပ်ဖို့ မလွယ်ပါဘူး။
ဒါကြောင့်လည်း “နဝတ/နအဖ”ကဲ့သို့သော့ ကောင်စီဖွဲ့ “ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်”တွေထုတ်ပြီး နိုင်ငံရေးသမားများ၊ ကျောင်းသားများ၊ မြေပေါ်မြေအောက် တော်လှန်ရေးသမားများကို ဥပဒေနဲ့အညီ ပျော်ပျော်ပါးပါးကြီး ထောင်ထဲပို့လို့ ရခဲ့တာပါ။
၁၉၉၀ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ကို အာသာငမ်းငမ်းတက်နေကြတဲ့ လူအုပ်ကြီးကို ကာလတစ်ခုလောက် ငြိမ်သက်သွားအောင် စစ်ဘုရင်ကြီးက နယ်ရုပ်ကလေးတစ်ရုပ်ထိုးကျွေးပြီး ရွှေ့လိုက်တဲ့အကွက်ပဲဆိုတာ ခုတော့ တရေးရေးနဲ့ သဘောပေါက်နေကြပါပြီ။
၈၈အာဏာသိမ်းမှုကိုမကျေနပ်လို့၊ ၉ဝရွေးကောက်ပွဲအပြီးမှာ အာဏာလွှဲမပေးလို့ စသဖြင့် နာကျည်းခါးသီးမှုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးသည်သာ တစ်ခုတည်းသော နည်းလမ်း ဆိုပြီး တောခိုသွားတဲ့သူတွေ ရှိခဲ့သလို၊ “မတရားတဲ့ အမိန့်အာဏာ မှန်သမျှ တာဝန်အရ ဖီဆန်ကြ”လို့ နှစ်ရှည်ထောင်ကျသွားတဲ့ ကျောင်းသားတွေ နိုင်ငံရေးသမားတွေလည်း အများကြီးပါပဲ။
လက်ရုံးရည်နဲ့နှလုံးရည် လမ်းနှစ်သွယ်မှာ လူငယ်တွေဟာ သူယုံကြည်ရာသာ သူရွေးခြယ်ခဲ့ကြပါတယ်။ စွန့်လွှတ်စွန့်စား နာကျင်ရသမျှ အရာမထင်တဲ့ ကာလတစ်ခု မှာတော့ ယုံကြည်မှုတွေ ဝေ၀ါးပြီး လမ်းပျောက်သွားကြသူတွေ၊ လမ်းတစ်ဝက်မှာ လွင့်ကြွေသွားရတဲ့ လူငယ်တွေလည်း အများကြီးပါပဲ။
အဲဒီကာလမှာပဲ “နိုင်ငံရေး”ဆိုတဲ့စကားလုံးကို နည်းမျိုးစုံနဲ့ ယုတ်ညံ့သေးသိမ်အောင်၊ ကြောက်ရွံ့သွားအောင် လုပ်ပစ်ကြပြန်ပါတယ်။ ကျောင်းသားတွေကို နိုင်ငံရေးမလုပ်ပါဘူး ဆိုတဲ့ ခံဝန်ကတိထိုးမှ ကျောင်းပြန်တက်ခွင့်ပေးတာ၊ ဝန်ထမ်းတွေကို ခံဝန်ချက် အချက်၃ဝကို လက်မှတ်ထိုးမှ အလုပ်ခွင်ပြန်ဝင်ခွင့်ပေးတာမျိုးဟာ စစ်အစိုးရရဲ့ အာဏာနဲ့အနိုင်ကျင့်နည်းတစ်မျိုးပါပဲ။
ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံတာ၊ မိသားစုဝင်ထဲက အစိုးရလစာ မှီခိုနေရတဲ့ ဝန်ထမ်းတွေကိုဖိအားပေးတာ၊ ဝေးလံခေါင်သီတဲ့ နေရာတွေကို ပို့ပစ်တာ၊ လှုပ်ရှားမှုမှန်သမျှ စောင့်ကြည့်တာ၊ ဒါတွေဟာ စစ်အုပ်ချုပ်ရေးအောက်က အစီအစဉ်တကျ စိတ်ဓါတ်စစ်ဆင်ရေးတစ်မျိုးဖြစ်တယ်။
နိုင်ငံရေးပါတီဝင်မဟုတ်ပေမယ့် နိုင်ငံရေးထက်သန်တဲ့ နိုင်ငံရေးလုပ်တဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့မိဘ ဝန်ထမ်းတွေကို မဲဇာပို့ခြင်းမျိုးဟာလည်း နိုင်ငံရေးအရ မိသားစုတွေကို သင်းခွဲခြင်းတစ်မျိုးပါပဲ။ အဲဒီ အကျိုးဆက်ကြောင့် မိသားစုတွေ ကစဉ့်ကလျားဖြစ်သွားပြီး အထိန်းအကွပ်တွေမဲ့လာတယ်။ မိသားစုစားဝတ်နေရေးကြောင့် နိုင်ငံရေးအပေါ်စိတ်ဝင်စားမှုတွေ လျော့ပါးလာတယ်။
ကျောင်းသားတွေ နိုင်ငံရေးမလုပ်နိုင်အောင်၊ မစုစည်းနိုင်အောင် အနယ်နယ်အရပ်ရပ်မှာ တက္ကသိုလ်အသစ်တွေဖွင့်လှစ်ပြီး တက္ကသိုလ်ကျောင်းသားတွေကို မြို့ပြင်ပို့လိုက်ခြင်း ဟာလည်း စစ်အုပ်ချုပ်ရေးရဲ့ မဟာဗျူဟာတစ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။ ၁၉၈၈ ကနေ ၂၀၀၈ ခုနှစ်အတွင်းမှာ နိုင်ငံအနှံ့ တက္ကသိုလ်ကောလိပ်အသစ်ပေါင်း ၁၅၀ ကျော် ဖွင့်လှစ်နိုင်ခဲ့တယ်။
မဆလပါတီကျဆုံးပြီး ၁၉၈၈ခုနောက်ပိုင်း တက်လာတဲ့ စစ်အစိုးရဟာ သွေးခွဲအုပ်ချုပ်မှုနည်းနာကို ပိုင်ပိုင်နိုင်နိုင် အသုံးချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အဲဒီအချိန်က အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ Shan State Army နဲ့ ကေအိုင်အေတို့ကနေ ခွဲထွက်လာတဲ့ ၀၊ကိုးကန့်နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ၁၉၈၉ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ရှမ်းပြည်နယ်အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၄ခု နဲ့ ကချင်ပြည်နယ်အတွင်းမှာ အထူးဒေသ ၁ခု သတ်မှတ်ပေးခဲ့တယ်။
၁၉၈၉ခု နောက်ပိုင်း ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းတွေကို ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေကပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးမှာ ဦးဆောင်မှုပေးနိုင်တဲ့သူမှန်သမျှကို ထောင်ထဲထည့်၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပုခုန်းချင်းဖက် နယ်မြေတွေခွဲဝေအုပ်ချုပ် သယံဇာတတွေ ခွဲဝေယူကြပြီး နိုင်ငံကို ငြိမ်-ဝပ်-ပိ-ပြား နေအောင် လုပ်နိုင်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးဆိုတာ ပဒေသရာဇ်ခေတ် အဆက်ဆက်က အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရား စတဲ့ စစ်ဘုရင်တွေရဲ့ လုပ်နည်းလုပ်ဟန်ကို ကော်ပီကူးချထားသလိုပါပဲ။
အပစ်အခတ်ရပ်စဲရေးနဲ့ တဆက်တည်းကပ်ပါလာတဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေထဲမှာ အမြန်ဆုံးနဲ့ အပြန့်နှ့ံလွယ်ဆုံးက မူးယစ်ဆေးဝါးပဲဖြစ်တယ်။
တက္ကသိုလ်တွေ ရက်ရှည်ပိတ်ထားတဲ့ကာလတစ်ခုမှာ စိတ်လေလွင့်နေတဲ့ လူငယ်တွေ ကြားထဲကို တိတ်တဆိတ်ဝင်လာတဲ့ မကောင်းဆိုးဝါးက အရက်နဲ့မူးယစ်ဆေးဝါးပါပဲ။
မန္တလေးတက္ကသိုလ်မှာ ကျောင်းသွားတက်တဲ့အစ်ကိုကြီးက ပြည်နယ်တချို့က တက္ကသိုလ်လာတက်တဲ့ သူ့သူငယ်ချင်း ကျောင်းသားတချို့ဟာ ငွေယူမလာပဲ သူတို့သယ်လာတဲ့ဆေးပြားလေးတွေကို ရောင်းချပြီးကျောင်းစရိတ်ရှာတယ်လို့ ပြောပြဖူးတယ်။
အဲဒီကာလတွေမှာတုန်းက အစ်ကိုလေးနဲ့ မောင်ငယ်လေးရဲ့ အကျႍအိတ်ကပ်တွေ၊ ပိုက်ဆံအိတ်ပြားလေးတွေထဲမှာ ဘိန်းဆီထည့်ထားတဲ့ပလပ်စတစ်အိတ်ကလေးတွေ၊ ဆေးပြားလေးတွေ မကြာခဏ တွေ့လာရတယ်။
ညနက်မှပြန်လာတတ်တဲ့ အစ်ကိုလေးဟာ စိတ်ကြွဆေးအရှိန်နဲ့ အမေ့ကိုဂျီတိုက်ပြီး တစ်ညလုံးမအိပ်လို့ အိပ်ရေးပျက်ရတဲ့ညတွေများလာတယ်။ အော်ဟစ်သောင်းကျန်းနေတဲ့ အစ်ကိုလေးကို အခန်းထဲထည့် သော့ခတ်ထားရတဲ့ အခါမျိုးတွေရှိလာသလို၊အိမ်တံခါးကို ချိုးဖျက်ထွက်ပြီး ဆေးမသုံးရအောင် တံခါးပိတ်ထားတဲ့ အစ်ကိုကြီးကို ဓါးနဲ့လိုက်ခုတ်လို့ အိမ်ပါတ်ပြေးရတဲ့ အဖြစ်ဆိုးမျိုးတွေ ကြုံလာရတယ်။ စိတ်ညစ်တဲ့ဒဏ်မခံနိုင်တဲ့ မောင်ငယ်လေးကတော့ အိမ်မကပ်တော့ပဲ ကြုံတဲ့နေရာမှာနေရင်းက မူးယစ်ဆေးရဲ့သားကောင် ဖြစ်မှန်းမသိဖြစ်လာတယ်။
သားသုံးယောက်မွေးထားတဲ့ ကျောင်းဆရာမအမေရဲ့ သား၂ယောက်ဟာ စစ်အစိုးရလက်ထက်ကျမှ မူးယစ်ဆေးရဲ့သားကောင်ဖြစ်လာခြင်းဟာ မိသားစုရဲ့အလုပ်လုပ်နိုင်စွမ်းရှိတဲ့လုပ်သား သုံးပုံနှစ်ပုံကို ဆုံးရှုံးရခြင်းနဲ့အတူတူပါပဲ။
ဒီလိုမိသားစုတွေဟာ တစ်နိုင်ငံလုံးနေရာအနှံ့ပါပဲ။ နိုင်ငံရေးမိသားစုသော၊ မဆလပါတီဝင်မိသားစုသော၊ စစ်အာဏာရှင်မိသားစုသော ကွဲပြား ခြားနားခြင်းမရှိပါဘူး။
အနီးစပ်ဆုံးနောက်ထပ် ဥပမာ တစ်ခုပေးရရင် သားငါးယောက်မွေးထားတဲ့ အဖိုးလေးတို့မိသားစုကို ဥပမာပေးရမှာပါပဲ။ မြို့နယ်ကောင်စီအတွင်းရေးမှုးဘဝနဲ့ ဘုန်းမီးနေလတောက်ခဲ့တဲ့ အဖိုးလေးတို့မိသားစုဟာ မဆလပြုတ်ပြီးတဲ့နောက်ပိုင်း ဝင်ငွေမရှိတော့တဲ့အတွက်၊ ကိုယ်နေတဲ့တိုက်ခန်းကိုငှားစားပြီး တိုက်ခန်းဘေးမှာ တစ်ဖက်ရပ်တဲလေးထိုးပြီးနေကြပါတယ်။
၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ညမှာ ဉာဏ်ရည်သိပ်မပြည့်တဲ့ အကြီးဆုံးသား ပျောက်ဆုံးသွားပြီး သုံးလေးနှစ်လောက် ကြာမှ တပ်ထဲရောက်နေတယ်လို့ သားဖြစ်သူက ဖုန်းဆက်ခေါ်လို့လိုက်သွားကြပါတယ်။ အဲဒီအခါကျမှ သူတို့သားဟာ ရန်ကုန်မြို့လယ်ခေါင်မှာ ပေါ်တာဆွဲခံရမှန်းသိခဲ့ပြီး ဉာဏ်ရည်မပြည့်မှီကြောင်း ဆေးစာရေးပြီး ပြန်ခေါ်လာခဲ့ရပါတယ်။
ကျန်တဲ့ အလုပ်လက်မဲ့ သား၄ယောက်လုံးဟာ မူးယစ်ဆေးသားကောင်တွေဖြစ်ကြပြီး ၂ဝဝဝခုနှစ် နောက်ပိုင်းမှာပဲ HIV/AIDS နဲ့ တဖြုတ်ဖြုတ်ကြွေကုန်ကြပါတယ်။
ကျွန်မ AFP မှာ မြန်မာပြည်ရဲ့ဆင်းရဲမွဲတေမှုနဲ့ HIV ပြန့်ပွါးမှုနှုန်းဆက်စပ်တာကို သတင်းဆောင်းပါးတစ်ပုဒ် ရေးဖို့ရှိလာတော့ အဖိုးလေးတို့မိသားစုအကြောင်း ရေးဖို့စဉ်းစားမိတယ်။ အဲဒီအချိန်တုန်းက AFP က ဓါတ်ပုံသတင်းထောက် ကိုခင်မောင်ဝင်းကို အဖိုးလေးတို့အိမ်ကို ဓါတ်ပုံရိုက်ဖို့ခေါ်သွားခဲ့တယ်။
ကိုခင်မောင်ဝင်းက တစ်ဖက်ရပ်တဲလေးထဲက ပက်လက်ကုလားထိုင်ပေါ်မှာ စာအုပ်ဖတ်ရင်းထိုင်နေတဲ့အဖိုးလေးနဲ့သူ့ဇနီးကို ဘယ်လိုဓါတ်ပုံရိုက်ရမှန်းမသိတော့ “အဖွါး.. ဆန်ဗန်းလေးထဲ ဆန်ထည့်ပြီး အဖိုးနားမှာ ထိုင်ပြီးဆန်ရွေးနေပါလား” ဆိုပြီး တိုက်တွန်းတယ်။ အဖွါးက “ရွေးစရာဆန်ကို မရှိတာ”လို့ တုံးတိတိပြန်ပြောခဲ့တော့ ဓါတ်ပုံနဲ့ဖေါ်ပြလို့မရတဲ့ ဆင်းရဲမွဲတေမှုကို သူ့နားနဲ့ဆတ်ဆတ်ကြားခဲ့ရပါတယ်။
ဗမာအများစုနေထိုင်ကြတဲ့ ရန်ကုန်မြို့တော်ကြီးရဲ့ရပ်ကွက်တွေမှာ လူသိထင်ရှား နေထိုင်နေကြတဲ့ မိသားစုတွေရဲ့ ဘဝတွေကိုတောင်မှ အဲဒီလောက်စုတ်ပြတ်ကြေမွ သွားစေနိုင်တဲ့ စစ်အာဏာရှင်စနစ်ဟာ၊ လူမသိလူမသိ စစ်ပွဲတွေကြား ပြေးလွှားနေကြရတဲ့ ဖွံ့ဖြိုးမှု နောက်အကျဆုံး တိုင်းရင်းသားဒေသတွေက မိသားစုတွေရဲ့ဘဝတွေကို ဘယ်လိုများသက်ရောက်စေနိုင်မလဲဆိုတာ မတွေးရဲ မတွေးရက် နိုင်လောက်အောင်ပါပဲ။
ကျွန်မတို့အိမ်ကို နေ့တိုင်းဆွမ်းခံကြွတဲ့ ဘုန်းကြီးကျောင်းသားလေးတွေ ကိုရင်လေးတွေ ဟာ ဗမာစကား မပြောတတ်ကြပါဘူး။ ကျောင်းထိုင်ဆရာတော်ကြီးကို မေးကြည့်တော့ မိဖတွေက သူတို့ကလေးတွေ အရွယ်ရောက်လာရင် ကလေးစစ်သားအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ပေါ်တာလာဆွဲကြမှာစိုးလို့ ရန်ကုန်က ဘုန်းကြီးကျောင်းတွေကို ပို့ထားကြတာပါတဲ့။
ဒီဖြစ်ရပ်မျိုးဟာ ထိုင်းနိုင်ငံမှာကျွန်မနေတုန်းက မိတ်ဆွေဖြစ်တဲ့ ဝအမျိုးသမီးကြီး ပြောပြဖူးတာနဲ့ခပ်ဆင်ဆင်ပါပဲ။ သူ့ယောကျ်ား ဝစစ်သားကြီး တိုက်ပွဲမှာကျတော့ ဝလက်နက်ကိုင်တပ်က စစ်ဗိုလ်တွေက သူ့မှာကျန်တဲ့သား ၃ယောက်ထဲက အသက် ၈နှစ်ပြည့်ပြီးတဲ့ သား၂ယောက်ကို ဝစစ်တပ်ထဲထည့်ဖို့ လာခေါ်သွားတယ်လို့ ပြောပါတယ်။ ဒါနဲ့ နောက်ဆုံးကျန်တဲ့ အခါလည်သားလေးကို ကျောပိုးပြီး ထိုင်းနိုင်ငံထဲ သူထွက်ပြေးခဲ့တယ်လို့ သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြဖူးပါတယ်။
“ယောက်ကျားကလည်းတိုက်ပွဲကျ၊ ရှိတဲ့သားတွေလဲ ကလေးစစ်သားလုပ်ဖို့ခေါ်သွား၊ အခါလည်သားလေးနဲ့ ကျွန်မကိုလည်း ရှေ့တန်းကိုပစ္စည်းသယ်ဖို့ ခဏခဏ ပေါ်တာဆွဲခံရတော့ ရွာမှာ ကျွန်မ မနေချင်တော့ဘူး၊ သေချင်လဲသေဆိုပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေးခဲ့တာ” ဆိုတဲ့ သူ့စကားသံဝဲဝဲကို ကြားယောင်မိပါသေးတယ်။
ဝစစ်တပ်နဲ့ပါသွားတဲ့ သူ့သား အားမင်ဟာ သူ့တပ်စခန်းနေရာကနေ ထိုင်းမြန်မာနယ်စပ်ကို လမ်းလျှောက်ပြီး စိတ်ကြွဆေးပြားတွေ သယ်ပို့ပေးခဲ့ရဖူးတဲ့ ဝစစ်သားတွေထဲက တစ်ယောက် ဖြစ်ခဲ့သလို၊ သူကိုယ်တိုင်လည်း စိတ်ကြွဆေးပြားတွေ ဘယ်လိုထုတ်လုပ်လို့ ရသလဲ ဆိုတာ တတ်ကျွမ်းလာခဲ့တယ်။ ကျိုင်းတုံမြို့ပေါ်မှာသူ တာဝန်ကျတုန်းမှာ WY စာတမ်းပါ စိတ်ကြွဆေးပြားတွေကို သူကိုယ်တိုင်ထုတ်လုပ်ပြီး စစ်ထောက်လှမ်းရေးက အရာရှိတစ်ယောက်နဲ့တွဲပြီး အရောင်းအဝယ်လုပ်ခဲ့ဖူးပါတယ်။
သူနဲ့အတူအလုပ်လုပ်တဲ့ စစ်ထောက်လှမ်းရေးအရာရှိ အဖမ်းခံရတဲ့အချိန်မှာတော့ သူပါအဖမ်းခံရမှာစိုးတဲ့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်နေတဲ့ သူ့အမေဆီ ထွက်ပြေးလာခဲ့တယ်လို့ဆိုပါတယ်။
ကာလဝိဘက် နောက်ပိုးတက်ဆိုတဲ့ ဆိုရိုးတစ်ခုရှိပါတယ်။ စစ်အာဏာရှင်ကြီး ဦးနေဝင်းဟာ ဘဝမကူးခင်မှာပဲ သူစတင်ခဲ့တဲ့ စနစ်တစ်ခုရဲ့ ဆိုးကျိုးကို ကောင်းကောင်းကြီးခံစား သွားရပါတယ်။ သူ့မိသားစုဝင်တွေကတော့ လိပ်ပြာတောင်ပံခတ်ခံလိုက်ရတဲ့ တောကြီးမျက်မည်းထဲက သားကောင်များပါပဲ။ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေလည်း ထို့အတူပါပဲ။
စနစ်တစ်ခုကို ကိုင်တွယ်မောင်းနှင်ခဲ့သူတွေ နောင်တရသည်ဖြစ်စေ မရသည်ဖြစ်စေ တာဝန်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ စစ်အုပ်ချုပ်ရေးလိပ်ပြာ ဒုတိယအကြိမ် တောင်ပံခတ်မှုဟာ တိုင်းပြည်ကို ချောက်ထဲ လုံးလုံးလျားလျားဆွဲချခဲ့ပါတယ်။
၁၉၈၈ နောက်ပိုင်း စာရင်းဇယားများအရ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွါထွက်ပြေး လာကြရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၄သိန်းခန့်ဟာ ပြည်တွင်းမှာရော ပြည်ပဒုက္ခသည် စခန်းများမှာပါ ရောက်ရှိနေကြပါတယ်။
မြန်မာပြည်ရဲ့ပြည်တွင်းစစ်နဲ့ နိုင်ငံရေးလူမျိုးရေးပဋ္ဋိပက္ခတွေကြားမှာ သေဆုံးခဲ့ရသူ အပစ်မဲ့ပြည်သူပေါင်းဟာ တစ်သိန်းသုံးသောင်းကနေ နှစ်သိန်းခွဲလောက်ထိရှိခဲ့ပြီလို့ အမေရိကန်နိုင်ငံ မန်ဆာချူးဆက်တက္ကသိုလ် နိုင်ငံရေးစီးပွါးရေးသုတေသနအင်စတီကျုက ပြုလုပ်တဲ့ MODERN CONFLICTS DATABASE စာတမ်းနဲ့ ပြင်သစ်ဘာသာနဲ့ပြုစုထားတဲ့ သုတေသနစာတမ်းတစ်စောင်မှာ ဖတ်ရှုရပါတယ်။
၁၉၈၇ ခုနှစ်ကမှ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းဝင် စဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေး သက်တမ်း အနှစ်၂ဝအတွင်းမှာ ကုလသမဂ္ဂစာရင်းများအရ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ၂ဝစာရင်းဝင်အဖြစ် ရာထူးတိုးခဲ့ပါတယ်။
HIV ကူးစက်မှုနှုန်းတွေ၊ မွေးကင်းစကလေးသေဆုံးမှုနှုန်းတွေ၊ တီဘီ ငှက်ဖျား သွေးလွန်တုပ်ကွေးစတဲ့ ဆင်းရဲခြင်းနဲ့ တဆက်တည်းကပ်ပါလာတဲ့ ရောဂါဘယတွေဟာ စစ်အုပ်ချုပ်ရေး လိပ်ပြာတောင်ပံခတ်ခြင်းရဲ့ အကျိုးဆက်တွေပဲ မဟုတ်လား။
နောက်တစ်ကြိမ်ခတ်မယ့် လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံအဖျားမှာ ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိလာအုန်းမလဲ၊ လိပ်ပြာတောင်ပံခတ်သံ (၃) နဲ့ အဆုံးသတ်ရေးချင်ပါသေးတယ်။
Cover Photo Credit: Htin Lynn Aung



Comments
Post a Comment