မဆလအလွန် နောက်ထပ် ၂၆နှစ်
မွန်မွန်မြတ် မကွေးဂျာနယ်အတွက်ရေးသားသည်။
၁၉၈၈ကျောင်းသားသပိတ်ကာလတုန်းက ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေမှာ ကျောင်းတက်နေတာ ဆိုပေမယ့် ကျူရှင်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ်ကလွဲလို့ ဘာမှသိပ်မသိတဲ့ တုံးတုံးအအ အညာသူမတစ်ယောက်ပါပဲ။ ဒါပေမယ့်ရန်ကုန်အိမ်မှာတော့ မဆလအာဏာရှင်ဦးနေဝင်းကို သဘောမကျတဲ့ အငြိမ်းစားသံအရာရှိအဖိုးနဲ့ သူ့မိတ်ဆွေတွေ ဘယ်ကကော်ပီကူးလာမှန်းမသိတဲ့ ဦးအောင်ကြီးရေးတဲ့စာတွေကို တိုးတိုးကြိတ်ကြိတ် ခေါင်းခြင်းဆိုင်ဖတ်နေကြတဲ့အချိန်ပေါ့။
ဆန္ဒပြကျောင်းသားတွေကို ရိုက်တယ်နှက်တယ် အချုပ်ကားထဲ ထိုးကြိတ်ထည့်တယ် ဆိုတဲ့သတင်းတွေ ကြားတော့ စိတ်ထဲအတော်မခံချိ မခံသာဖြစ်ရတယ်။ အဲဒါကိုပဲ ကျောင်းသားစိတ်လို့ခေါ်ကြတယ်ထင်ပါရဲ့။ ရှစ်လေးလုံးအရေးတော်ပုံအကြောင်းတွေးမိရင်တော့ ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကနေ ကျောင်းတွေပိတ်လိုက်လို့ မြေလတ်သားကားကြီးတွေနဲ့ မကွေးပြန်လာကြတာက စမှတ်မိတယ်။ မှတ်မှတ်ရရပြောရရင်တော့ အဲဒီအချိန်ထိ ဘယ်ဆန္ဒပြမှုထဲမှာမှ ဝင်မပါခဲ့ဖူးဘူး။
ဘယ်အချိန်မှာစပြီး အန္တရာယ်ရဲ့ အငွေ့အသက်ကိုရခဲ့သလဲဆိုရင် ထောက်ကြံ့တင့်ကားတပ်ရင်းနား မရောက်ခင် လမ်းမပေါ်မှာ တန်းစီပြီးမောင်းလာနေတဲ့ တင့်ကားတွေ ရန်ကုန်ဖက်မောင်းသွားတာကို တွေ့လိုက်တဲ့အချိန်ပေါ့၊ တစ်သက်နဲ့တစ်ကိုယ် တင့်ကားဆိုတာ ပထမဆုံးမြင်ဖူးခဲ့တာလေ။ စစ်မြေပြင် မဟုတ်ပဲနဲ့ ရန်ကုန်မှာ ဒီကားတွေကို ဘာလို့များသုံးမှာပါလိမ့်လို့ ဆန္ဒပြနေသူတွေအတွက် စိုးရိမ်မကင်းဖြစ်ခဲ့မိတယ်။
ကိုယ့်အိမ်ကိုယ်ပြန်ရောက်တော့ ဦးသန့်အရေးအခင်းနဲ့ မှိုင်းရာပြည့်ပွဲမှာ အရေးယူခံရဖူးတဲ့ အမေက ဦးနေဝင်းမကောင်းကြောင်း၊ ကျောင်းသားတွေကို ရန်သူလိုသဘောထားပြီး “ဓါးဓါးခြင်း လှံလှံခြင်း”တုံ့ပြန်မယ်လို့ ကြိမ်းဝါးဖူးကြောင်း သူ့အတွေ့အကြုံတွေကို ပြောပြတယ်။
အိမ်ပြန်ရောက်ပြီး သိပ်မကြာခင် တစ်ညနေမှာ လူတစ်ယောက် အိမ်ရှေ့ကို စက်ဘီးတစ်စီးနဲ့ရောက်လာပြီး “အောင်ခိုင်ငြိမ်း ရှိလား” လို့လာမေးတယ်။ ခဏနေ သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်ထွက်သွားကြပြန်ရော။ အဲဒီတလော ကိုလေးဆီဝင်လိုက် ထွက်လိုက်နဲ့ လာကြတဲ့ မကွေးတက္ကသိုလ်ကျောင်းသား သူငယ်ချင်းတွေအများသား။
သိပ်မကြာခင် ရေနံချောင်းမှာ သပိတ်တွေစမှောက်နေကြပြီတို့ ချောက်မှာ ဒို့အရေးလုပ်နေကြပြီတို့ စတဲ့ သတင်းတွေကလည်း ဟိုလူဒီလူဆီက ကြားနေရပြန်တယ်။ မကွေးမှာ ဆန္ဒပြပွဲတွေ မစနိုင်သေးလို့ တခြားမြို့က သပိတ်တပ်သားတွေက မကွေးကို ကျောက်ပြင်နဲ့ ထမီထုပ်ပို့ပေးလိုက်ရမလားလို့ မေးနေကြတယ်ဆိုတာလည်းကြားရဲ့..။
အဲဒီလိုသတင်းတွေကြားပြီး ရက်သိပ်မကြာခင်မှာပဲ အိမ်ရှေ့က အ.ထ.က(၁) လမ်းမကြီးပေါ်မှာ လူတွေစုရုံးစုရုံးနဲ့ သပိတ် သပိတ် မှောက် မှောက် ဆိုတဲ့အသံတွေ စကြားလိုက်ရတယ်။ ကမန်းကတမ်းလမ်းထိပ်ပြေး ထွက်ပြီးကြည့်တော့ ဘေးအိမ်က ဆရာမ ဒေါ်ခင်အေးမြင့်ကို အရင်ဆုံးမြင်ရတယ်။ သပိတ်ရှေ့ဆုံးက ပင်နီအကျႍဝတ်ထားတဲ့ လက်သီးလက်မောင်းတန်းအော်ဟစ်လာသူက တခြားသူမဟုတ်ပဲ တစ်နေ့က ကိုလေး အောင်ခိုင်ငြိမ်းဆီလာတဲ့ သူ့သူငယ်ချင်း ကိုမျိုးဇော်ဆိုတဲ့လူဖြစ်နေတာပဲ။ ပြီးတော့ ရန်ကုန်စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေ၊ ဆရာမဒေါ်ခင်အေးမြင့်နဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတော့ ဆရာမက “မမွန်လိုက်သွားကြမလား”လို့မေးတယ်။ မဆိုင်းမတွပဲ “လိုက်ရအောင် ဆရာမ” ဆိုပြီးတော့ လိုက်လာကြတယ်။
သူများတွေလက်သီးလက်မောင်းတန်းအော်နေကြသလို သပိတ် သပိတ် မှောက် မှောက် လို့လိုက်အော်ရတာ ပထမဆုံးဆိုတော့ နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့သေးတာ..။ မှတ်မှတ်ရရ ပြည်တော်သာတိုက်တန်းတွေနားရောက်တော့ မိုးတွေရွာချလို့ အားလုံးစိုရွှဲပြီး ကြွက်စုတ်တွေဖြစ်သွားကြတယ်။ နောက်နေ့တွေကျတော့ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုဇေယျာကျော်က မကွေးပြန်ရောက်နေတဲ့ ရန်ကုန်ကျောင်းသားတွေကို လိုက်ဆော်သြတယ်။ မကွေးမှာအထွေထွေသပိတ်ကြီးဖြစ်လာအောင် ဝန်ထမ်းတွေပါဝင်လာအောင် စည်းရုံးရေးဆင်းကြဖို့ လာခေါ်တယ်။
ကျွန်မတို့ပထမဆုံးစည်းရုံးရေးဆင်းရတဲ့နယ်မြေက ပြည်တော်သာရပ်ကွက်၊ စိတ်ထဲမှတ်မိနေတာက အရိုးအထူးကုဆရာဝန်ကြီး (ကျွန်မနာမည်အမှတ်မမှားဘူးဆိုရင်) ဦးမျိုးမြင့်၊ သူ့အိမ်ကို ကျွန်မတို့ဝင်ကြတော့ ဆရာကြီးက ကျွန်မတို့ကိုမေးတယ်။ “မင်းတို့ ဒီမိုကရေစီ ဆိုတာ ဘာလဲသိလား”တဲ့၊ မှန်တာပြောရရင် ကျွန်မမသိဘူး၊ ဒါပေမယ့် ညကမှ လက်တန်းတိုးကျက်လာတဲ့ ဒီမိုကရေစီရဲ့ အဓိပါယ်ကို ကြက်တူရွေးစာအန်သလို ဆရာကြီးရှေ့ရွတ်ပြတော့ သူကရယ်တယ်။ ဟုတ်တယ် အသက်၁၈နှစ်လောက်အထိ သတင်းစာဖတ်ရင် ကာတွန်းနဲ့နာရေးပဲ ဖတ်တဲ့သူ၊ နိုင်ငံရေးနဲ့ဆိုင်တဲ့စာအုပ်ဆို ကိုင်တောင်မကြည့်ဖူးတဲ့သူတစ်ယောက်က ဒီမိုကရေစီကိုမသိတာ ဘာဆန်းလို့လဲနော်…။
အိမ်နားကမိုးကောင်းဘုန်းကြီးကျောင်းဝန်းထဲ ကျောင်းသားတွေ အစည်းအဝေးလုပ်တော့ ကိုမျိုးဇော်က ထုံးစံအတိုင်း ရှေ့ဆုံးက တက်ကြွသူ၊ ရန်ကုန်တက္ကသိုလ်က ကိုဇော်မင်းခိုင်ကလည်း ဟိုလူပြောပါအုန်း ဒီလူပြောပါအုန်း မြှောက်ပေး၊ ဒီတော့ ကိုယ်ကလည်း ဘာပြောရမှန်းမသိပဲ တောင်ပြောမြောက်ပြော လျှောက်ပြောမိသေးတယ်။ ကြည့်ရတာ ဘယ်သူမှလည်း နားလည်လိုက်ပုံမရပါဘူး။
ဒါပေမယ့် ကျွန်မတို့ကျောင်းသားတွေထဲ ဒီမိုကရေစီနိုင်ငံရေးတရားတွေကို အာဘောင်အာရင်းသန်သန် ဟောနိုင်တဲ့သူတွေရှိသား၊ အဲဒီတုန်းက အဟောအပြောသန်တဲ့ ပင်နီတိုက်ပုံတကားကားနဲ့ ဆံပင်တွေနဖူးပေါ်ဘုတ်သိုက်နဲ့ ရဲမိုးရဲထွေးဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ကို စတွေ့ဖူးတာပေါ့၊ အဲဒီအချိန်တုန်းကတော့ မှန်တာပြောရရင် စိတ်ထဲသိပ်ကြည့်မရခဲ့ဘူး၊ အထူးသဖြင့်တော့ ရဲမိုးပေါ့၊ လူလေးကလက်တောက်လောက်လေးနဲ့ ဆောင့်ကြွားဆောင့်ကြွားနဲ့ သူ့အပြင်သိတဲ့သူမရှိသလိုပဲပေါ့။
တစ်ကယ်တော့ ကိုယ်ကဘာမှမသိတဲ့သူကိုး၊ နောက်တော့ မြို့မစျေးနားက ဆက်သွယ်ရေးဝန်းထဲက သူတို့အိမ်မှာ ရဲမိုးရဲထွေးအပြင် မမိုး မဆောင်း ကိုကြီးတို့နဲ့ပါ မောင်နှမအရင်းတွေလို ခင်မင်လာကြတယ်။ သူတို့မိဘတွေ ဦးရဲနဲ့မာမာဒေါ်ဖြူဖြူ တို့ဟာလည်း သားသမီးတွေရဲ့ သူငယ်ချင်းတွေအပေါ် မိဘတွေလို သွန်သင်ဆုံးမ ပေးခဲ့တဲ့သူတွေပါပဲ။ တဖြည်းဖြည်းနဲ့ စနိုးဝှိုက်ဆိုတဲ့ နာမည်နဲ့ အင်္ဂလိပ်စကားပြောသင်တန်းဖွင့်ထားတဲ့ ဦးရဲနဲ့မာမာ့ကျူရှင်မှာပါ ကျူရှင်ခမပေးပဲ တက်လာတဲ့အထိ မိသားစုလိုဖြစ်လာခဲ့တယ်။ အဲဒီတုန်းက ကျူရှင်တက်ဖေါ်တက်ဖက် သူငယ်ချင်းတွေက ကြူကြူခိုင်တို့ ဖြူဖြူတို့ပေါ့။
ဒီလိုနဲ့ ဗိုလ်ချုပ်လမ်းပေါ်အစာငတ်ခံ ဆန္ဒပြတော့လည်းပါ၊ မြို့မကျောင်းဝန်းထဲမှာ ဖွင့်ထားတဲ့ သပိတ်စခန်းထဲ မြန်မာပြည်ဆရာဟိန်းတို့ အာဘောင်အာရင်းသန်သန် ဟောတုန်းကလည်းသွားမော့၊ တစ်မြို့လုံးပါတ်ပြီး ဆန္ဒပြတော့လည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများဆိုတဲ့ နဖူးစည်းနောက်ကနေ တခြားသူငယ်ချင်းတွေနဲ့အတူလိုက်ခဲ့ကြတာပေါ့။
မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်မနဲ့တခါတခါ ပါလာတတ်တာက ၁၇လမ်းထိပ်က စီးပွါးရေးတက္ကသိုလ်ကျောင်းသူ ခင်မိုးမိုး ပြီးတော့ စက်မှုတက္ကသိုလ်ကျောင်းသား ထင်လင်းအောင်၊ စက်တင်ဘာ၁၈ရက် အာဏာသိမ်းတဲ့အချိန်မှာ ပစ်ကြခတ်ကြတော့ သူတို့ ၁၇လမ်းပွဲကြိုဖက်မှာ အဆိုးဆုံးပေါ့။
စက်တင်ဘာ စစ်အာဏာသိမ်းမှုကတော့ ဘဝမှာ စစ်အာဏာရှင်စနစ်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတဲ့အချိန်ပါပဲ။ လက်နက်နဲ့ အနိုင်ယူခြင်းအပေါ် မုန်းတီးစိတ် စဝင်လာခဲ့တယ်။
စစ်အာဏာသိမ်းပြီးစ အချိန်ကာလတစ်ခုလောက်မှာ ငြိမ်သက်သွားကြတဲ့လူတွေဟာ နိုင်ငံရေးပါတီတွေ စပြီးဖွဲ့စည်းခွင့်ရတာနဲ့ မိုးဦးကျမှာပေါက်တဲ့မှိုတွေလို ခေါင်းထောင်ထ လာတော့တာပဲ။ ကျွန်မအစ်ကို အောင်ခိုင် ငြိမ်းကလည်း ကျောင်းသားပါတီတစ်ခုမှာ ပါဝင်လာတယ်။ ကျောင်းနေဖက်သူငယ်ချင်းတွေမဟုတ်ကြပေ မယ့် နိုင်ငံရေးအပြောင်းအလဲတစ်ခုမှာ မောင်ရင်းနှမတွေလို ခင်မင်လာကြတဲ့ နိုင်ငံရေးသူငယ်ချင်းတွေ အများကြီးရလာတယ်။ ငှက်ကြီးလို့ကျွန်မတို့ချစ်စနိုးခေါ်ကြတဲ့ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ခိုင်ဝင်း (ကြီး)ရှိသလို နာမည်ခြင်းတူတဲ့ လူသာငယ်ပေမယ့် အသံ့သြဇာကြီးတဲ့ ကျော်ခိုင်ဝင်းနောက်တစ်ယောက်ကိုတော့ ငယ်လေးကျော်ခိုင်ဝင်းလို့ခေါ်ကြတယ်။ သူနဲ့ရုပ်မတူတာကလွဲပြီး အမွှာညီအစ်ကိုလို့ထင်ရ လောက်အောင် တပူးတွဲတွဲရှိခဲ့တဲ့သူက မောင်မောင်စိုး၊
စာသိပ်ဖတ်တဲ့ အရင်းကျမ်းဆရာကြီး တေဇကျော်ကတော့ ကျွန်မတို့ကို နိုင်ငံရေးအကြောင်း ဘာသာကြီးလေးမျိုးအကြောင်း လစ်ရင်လစ်သလို တရားလာလာဟောတတ်တယ်။
ရန်ကုန်မှာအဖမ်းအဆီးတွေကြမ်းတဲ့ ၁၉၈၉ အာဇာနည်နေ့လမ်းလျှောက်ပွဲလုပ်တဲ့အချိန်မှာ မကွေးက ကျောင်းသားတွေကလည်း လမ်းလျှောက်ချီတက်ပြီး ဗိုလ်ချုပ်ပန်းခြံထဲမှာ အာဇာနည်နေ့ အခန်းအနားလုပ်ခဲ့ ကြတယ်။ ဦးဆောင်ကျောင်းသားထဲမှာ ကိုလေးပါခဲ့တာကြောင့် အစိုးရဝန်ထမ်းဖြစ်တဲ့ အမေ့ကို မြို့နယ်မဝတဥက္ကဋ္ဌက ခေါ်သတိပေးတာ ခံခဲ့ရတယ်။ အိမ်ကို မမြင်ဖူးတဲ့လူစိမ်းတွေ ရောက်ရောက်လာပြီး အောင်ခိုင်ငြိမ်းရှိလားလို့ လာထောက်လှမ်းတာမျိုးလည်း မကြာမကြာကြုံခဲ့ရတယ်။
မကွေးတိုင်းထဲက ကျောင်းသားခေါင်းဆောင်တွေ အတော်များများစုဝေးကြတဲ့၊ ရန်ကုန် မန္တလေးက ကျောင်းသားခေါင်းဆောင်အချို့ပါ လာတက်ကြတဲ့ မြေလတ်ကျောင်းသားများ ညီလာခံကို အ.ထ.က(၁)ကျောင်းဝန်းထဲမှာလုပ်ကြတုန်းက ကျွန်မတို့က ထမင်းဟင်းချက်ဖို့ လုပ်အားပေးခဲ့ရတယ်။ ယောင်ကြီးဗွေ မရှမ်းမတို့ လည်း ပါသပေါ့၊ အဲဒီတုန်းကတော့ နိုင်ငံရေး ထမင်းအိုးထမ်း ဟင်းအိုးထမ်းဘဝပါပဲ၊
၁၉၉၀ ရွေးကောက်ပွဲ
“မြန်မာပြည်မှာ ပါတီတွေကများ”တဲ့ကိစ္စကြောင့် ရွေးကောက်ပွဲမစခင်မှာပဲ ကျောင်းသားတွေဟာ မတူကွဲပြားတဲ့ ပါတီတွေကို ဝိုင်းရံဖို့ အဖွဲ့တွေကွဲသွား ကြတော့တယ်။ သြဇာကြီးမားတဲ့ဝါရင့်နိုင်ငံရေးသမားကြီးတွေက မကွေးမြို့မှာ ဝင်အရွေးခံဖို့ ဖြစ်လာကြတယ်။
မဆလပါတီက ဗိုလ်ချုပ်ကြီးဟောင်း ဦးစိန်အောင်၊ ဝိဓူရသခင်ချစ်မောင်ပါတီက ဦးအောင်ဘန်း၊ ဖဆပလ ဝန်ကြီးဟောင်းဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်း အစရှိသဖြင့်ပေါ့၊ မကွေးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်အရွေးခံမယ့် ဗိုလ်ကြီးဟောင်း ဦးကျော်မြင့်ကို တပ်မတော်သားဟောင်းဖြစ်တဲ့အတွက် တချို့ကျောင်းသားတွေက သိပ်သဘောမကျကြဘူး၊
ဘယ်လိုပဲဖြစ်ဖြစ် ၁၉၉၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်မှဖြစ်မယ် လို့ယုံကြည်တဲ့ ကျောင်းသားများက တစ်အုပ်စု၊ အဲဒီအုပ်စုက ကျောင်းသားတွေဟာ ပြိုင်ဖက်တွေအားကောင်းတဲ့ ဦးကျော်မြင့်ကို အနိုင်ရအောင် မဲဆွယ်ပေးဖို့ ဝိုင်းရံကြမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
မကွေးတိုက်နယ်အတွင်းက ရွာပေါင်း ၂၅ရွာလောက်ကို ဦးကျော်မြင့်နဲ့အတူ မဲဆွယ်စည်းရုံးရေးခရီးစဉ်ဆင်း ကြတုန်းက အမေက ကျွန်မကို သိပ်မလွှတ်ချင်ဘူး၊ ဒါပေမယ့် ကိုလေးလည်းပါတာပဲဆိုပြီး ကျွန်မက ဇွတ်လိုက်သွားခဲ့တယ်။
အဲဒီတုန်းက ကျွန်မတို့ကျောင်းသားအုပ်စုတွေ ပထမဆုံးစည်းရုံးရေးခရီးထွက်တဲ့ရွာက ကျွန်မတို့ရဲဘော်ကြီး ကိုခင်မောင်စိုးမင်းရှိတဲ့ ကြာကန်ရွာ၊ ရွာတွေသွားတဲ့ ကားအိုအို ကြပ်ကြပ်ကြီးထဲမှာ ဦးကျော်မြင့်၊ အန်တီ ဒေါ်ခင်ဝင်း၊ အဘဦးစိန်လှိုင်၊ မနီနီမော်စတဲ့ ပါတီကလူတွေနဲ့အတူ ရဲမိုး၊ရဲထွေး၊ ကျွန်မတို့မောင်နှမနဲ့ ကျောင်းသားတချို့ပေါ့၊ ကားခေါင်မိုးပေါ်မှာတော့ ကိုဆွေလွင်သန်း၊ ကိုဇေယျာကျော်၊ ကိုဇော်မင်းခိုင်နဲ့ ကိုဇော်မင်းကြည်တို့ထင်ပါရဲ့၊ အားလုံးပါတာကလွဲလို့ အသေအချာတော့ မမှတ်မိတော့ဘူး၊
အသက်၂၀မှာ ပထမဆုံးမဲပေးဖူးတဲ့ ၁၉၉၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် နိုင်တော့ ကျွန်မတို့မှာ ပျော်မဆုံးပေါ့၊ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ရတော့မယ်ဆိုတဲ့ အိပ်မက်တွေက တဝေဝေနဲ့…။
အဲဒီအိပ်မက်တွေနဲ့ပဲ နောက်ထပ် ၂၆နှစ်ထပ်ကြာခဲ့တယ်။
ဒီမိုကရေစီဆိုတာကို နကန်းတစ်လုံးမှ မသိခဲ့တဲ့ ကျောင်းသူတစ်ယောက်ကို ဒီမိုကရေစီအစစ်အမှန်ဟာ ဘာလဲဆိုတာကို သိစေခဲ့တဲ့ စစ်အာဏာရှင်စနစ် ၂၆နှစ်ခရီးကြမ်းကို မြည်းစမ်းစေခဲ့တယ်။
ဒါပေမယ့် ဒီကနေ့တော့ လွှတ်တော်ထဲမှာ ပင်နီဝတ်ထားတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းကြီးတချို့က ရွေးကောက်ခံအမတ်တွေဖြစ်လာကြပြီ။ တက္ကသိုလ်တွေထဲမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအကြောင်း ကောင်းကောင်းပြောနိုင်တဲ့ ပြောခွင့်ရတဲ့ ကျောင်းသားတွေအများကြီးရှိလာကြပြီ။
ဒီ၂၆နှစ်ခရီးကြမ်းဟာ အဲဒီလို အသီးအပွင့်တွေကို ဝေဆာနိုင်စေခဲ့တယ်ဆိုရင်တော့ အာဏာရှင်သက်တမ်းတလျောက် မျက်စိပိတ်နားပိတ်ကြီးပြင်းခဲ့ရတဲ့ သူတို့ရှေ့က ကျောင်းသားကြီးတွေ လမ်းဖေါက်ရကျိုး လမ်းလျှောက်ရကျိုး နပ်ခဲ့ပါပြီ။ ။


Comments
Post a Comment