ကိုလေးရေ…..(၁)

မြတ်

(ဗန်းမောက်သွားတောလား)
ကိုလေးရေ၊ ဒီခရီးကိုမထွက်ခင်ကတည်းက ကိုလေးနဲ့မောင်နှမနှစ်ယောက်တည်း အတူသွားခဲ့ဖူးတဲ့ ခရီးဆိုတာ မှတ်မှတ်ရရရှိနေခဲ့တယ်။ စစ်ကိုင်းဘူတာက တက်ကတည်းက ခရီးသည်ခပ်ကျဲကျဲပဲပါတဲ့ ရထားတွဲထဲမှာ မောင်နှမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မှီလိုက် ငိုက်လိုက်နဲ့၊ ထိုင်ခုံမှာထိုင်ရတာညောင်းလာရင် တွဲပေါက်ဝမှာ ခြေချထိုင်ရင်း ရထားလမ်းဘေးက တောအုပ်စိမ်းစိမ်းတွေကိုကြည့်လိုက်၊ တောင်ကမ်းပါးယံတွေကြား ဂျုံးဂျုံးဂျက်ဂျက်နဲ့ ရထားကြီးဖြတ်သွားတိုင်း အသည်းတယားယား ရင်တခုန်ခုန်နဲ့လေ၊ ရထားဆိုတဲ့ ကဗျာလေးတစ်ပုဒ်တောင် ရေးခဲ့မိသေးတယ်။ “အကြေးခွံအရောင်မွဲနဲ့ မြွေနဂါးပျင်းတွဲတွဲတစ်ကောင် တောင်နံရံတွေပေါ်တွယ်ကပ် တောအုပ်အထပ်ထပ်ထဲ တလျောလျောဖြတ်သန်းနေခဲ့ပေါ့” လို့။
ဝေးလံခေါင်ဖျား ဒေသတစ်ခုမှာ တာဝန်ကျနေတဲ့၊ တစ်ခါမှ အဝေးကြီးခွဲမနေဖူးတဲ့ အမေ့ကို လွမ်းစိတ်ကြောင့်သာ ဒီခရီးကိုလာရတယ် ၊ မရောက်ဖူးသေးတဲ့ နယ်မြေအသစ်တစ်ခုမို့ စိတ်ထဲမှာ မဝံ့မရဲတော့ ဖြစ်နေခဲ့တယ်။
တက္ကသိုလ် ပထမနှစ် စာမေးပွဲကျထားလို့ စိတ်ဓါတ်ကျနေလို့ စကားဖေါင်ဖေါင် မပြောနိုင်ပေမယ့်၊ စိတ်ကျတဲ့အချိန်တွေမှာ အရာရာအကောင်းမြင်အလျော့ပေးတတ်တဲ့ ကိုလေးရဲ့ ညာဉ်အတိုင်း ညီမလေးသွားချင်တဲ့နေရာတစ်ခုကို လိုက်ပို့ပေးခဲ့ရှာတယ်။ ၂၇နှစ်ကြာပြီးမှ အဲဒီခရီးစဉ်ကို ထပ်သွားရတော့ ကိုလေးကို လွမ်းလိုက်တာလေ။ ကိုလေးကိုလွမ်းသလောက် လမ်းတလျောက်က သစ်တောစိမ်းစိမ်းတွေကိုလည်း လွမ်းမိပါရဲ့။
ဆယ်စုနှစ်သုံးနှစ်နီးပါးသက်တမ်းက ပါတ်ဝန်းကျင်ကို အဲဒီလောက်တောင်ပဲ ပြောင်းလဲစေသလား၊ ဒီတကြိမ်သွားဖြစ်တော့ ရထားမစီးပဲ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်ကနေ ကားနဲ့သွားမိတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
တောတွေပြောင်ပြီလို့ တောင်တွေက ပြောကြတယ် ကိုလေးရေ…။ မဲဇာမြိုင်တကြောက ညီမလေးတို့ချစ်တဲ့ သစ်တောစိမ်းစိမ်းတွေလည်း ကုန်ပါရော့လား။ နေပြောက်မထိုးတဲ့တောနက်ထဲက ကျွန်း ကညင် သစ်ပင်ရှည်ရှည်မြင့်မြင့်ကြီးတွေနေရာမှာ နေကြာခင်းဝါဝါတွေကနေရာယူကြလို့၊ နေရောင်ခြည်ကြိုက်တဲ့ပန်း တောင် ခရမ်းလွန်ရောင်ခြည်အစွမ်းနဲ့ ခွေနွမ်းနေကြတယ်။
တောအုပ်တွေနေရာမှာ နီကယ်စက်ရုံကြီးကဟီးလို့၊ လူမျိုးခြားစက်ရုံဝန်ထမ်းတွေနေဖို့ ဆောက်ထားတဲ့ တိုက်ပုလေးတွေပေါ်မှာ ဆိုလာပြားတွေအစီအရီနဲ့၊ သွပ်မိုးပြောင်ပြောင်တွေက နေရောင်မှာ တဖိတ်ဖိတ်စူးလက်၊ Facebook Check In မှာ Welcome to Meza, Sagaing လို့ပေါ်လာတော့ ဟုတ်မှဟုတ်ရဲ့လားလို့ GPS ကို ၂ခါပြန်ကြည့်ရတယ်။ အော်ရီဒူးရဲ့ အင်တာနက်မြန်နှုန်းကလည်း အံ့မခန်း ဖလန်း ဖလန်းထလို့၊ ဟိုတုန်းကတော့ တို့မောင်နှမလက်ထဲ ဗလာစာအုပ်နဲ့ ဘောပင်လေးပဲရှိတာနော်။ လက်ဝဲသုန္ဒရအမတ်ကြီးသာ ခုချိန် မဲဇာပို့ခံရရင် ကဗျာမစပ်နိုင်ပဲ စိတ်ကျရောဂါရ သတ်သေသွားနိုင်တယ်။ ကိုလေးသာပါလာရင်လည်း ကမူးရဲ့ “စည်းအပြင်ကလူ” ထဲက ဇာတ်ကောင်လို လူသတ်ချင်စိတ်ပေါက်နေမလားပဲ။ ၂ယောက်စလုံး ကုသိုလ်ကောင်းကြလို့သာ ဒီခေတ်အထိ မနေရတာပဲလို့ ဖြေသိမ့်ရတယ် ကိုလေးရေ။
ကိုလေးနဲ့သွားတုန်းက စစ်ကိုင်းကနေ မနက်၉နာရီလောက်က စီးလာတဲ့ရထားဟာ ည၁နာရီကျော်လောက်မှ အင်းတော်ဘူတာဝင်တာကို အမှတ်ရတယ်။ ဒီတစ်ခေါက် ကားနဲ့လာတော့ စစ်ကိုင်းကနေ အင်းတော်ကို ၁၀နာရီလောက်ပဲမောင်းရတော့တယ်။ လမ်းတွေကတော့ခင်းတုန်းပါပဲ။ အင်းတော်ကို ကားဆိုက်ဆိုက်ခြင်း လမ်းပေါ်မှာတွေ့တဲ့ ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်ကို အကူအညီတောင်းပြီး သားသားနဲ့အတူ အင်းတော်ဘူတာကို တကူးတကသွားကြည့်ရတယ်။
အင်းတော်ဘူတာက သိပ်အများကြီးတော့ မပြောင်းလဲသေးပါဘူး။ တို့မောင်နှမ၂ယောက် မှောင်မည်းနေတဲ့ အင်းတော်ဘူတာက ခုံတန်းလျားလေးတစ်ခုပေါ် တစ်ယောက်ပေါင်ပေါ်တစ်ယောက်ခေါင်းအုံးလို့ တစ်လှည့်စီအိပ်ရင်း မိုးလင်းတဲ့ထိ စောင့်ရတာ သားသားကိုပြောပြတော့ တအံ့တသြနဲ့။ ခုလည်းတူတူပါပဲ၊ ခရီးသည်တွေဟာ အဲဒီခုံတန်းလျားတွေပေါ်မှာ အိပ်ကြ ထိုင်ကြ နားနေကြနဲ့၊ ထူးတာဆိုလို့ ဂျပိုးကိုက်တဲ့ သစ်သားခုံတန်းတွေကို ဆေးအသစ်သုတ်ထားတာပဲတွေ့ရတယ်။
အဲဒီတုန်းက အင်းတော်ကနေ အမေတာဝန်ကျတဲ့ ဗန်းမောက်မြို့ကိုသွားတဲ့ကားဟာ တစ်ပါတ်မှာ ၃ရက်လောက်ပဲပြေးတယ်။ မိုးလေးဖွဲဖွဲကျတာနဲ့ လမ်းချော်တတ်လို့ မပြေးတော့ဘူး။ အသိမိတ်ဆွေတစ်ယောက်မှမရှိတဲ့မြို့မှာ နောက်ထပ်၂ရက်လောက်နေမှ ကားထွက်မှာမို့ ပညာရေးဝန်ထမ်းတစ်ယောက်ရဲ့အိမ်မှာ အကူအညီတောင်းပြီး သွားတည်းရတယ်။ တစိမ်းအိမ်မှာ အားနာနာနဲ့ တည်းရစားရတော့ ပါလာတဲ့ ငါးခြောက်ပြားတွေကိုပဲ လက်ဆောင်အဖြစ်ထားခဲ့ရတော့တယ်။ အသီးအရွက်လတ်လတ်ဆတ်ဆတ်နဲ့ တောင်ပေါ်ဆန်စီးစီးနဲ့စားရတော့ ဘာစားစား စားလို့ချိုရန်ကောနော် ကိုလေး။
အင်းတော်ကနေ ဗန်းမောက်ကို သွားတဲ့ခရီးကတော့ ညီမလေးတို့အတွက် မဟာစွန့်စားခန်းပဲ။ ပစ္စည်းတွေအပြည့်အမောက်တင်ထားတဲ့ ကုန်ကားကြီးပေါ်ကို ခရီးသည်တွေ တက်တက်ဆိုပြီး တက်ကြတော့ ထိုင်စရာဆိုလို့ အမိုးကိုင်းသံတန်းပဲ ရှိတယ်။ အတွေ့အကြုံသစ်မို့ စိတ်ဝင်စားစရာပေမယ့် ချောက်ကမ်းသင်း ချောင်းမြောင်း အင်မတန်ပေါတဲ့ မြေသားလမ်းတွေပေါ်မှာ တဖက်စောင်းနင်းမောင်းနေတဲ့ ကားကြီးရဲ့အမိုးကိုင်းတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မောင်နှမနှစ်ယောက် ငြိမ်ကုပ်ပြီးလိုက်ခဲ့ကြတယ်။ ကားကြီးတစ်ဖက်စောင်းသွားတိုင်း ကြောက်လို့ အသံပြာအောင်အော်ကြတဲ့ ဒေသခံခရီးသည်တွေက ညီမလေးတို့မောင်နှမကို ကြည့်ပြီး၊ သတ္တိကောင်းတဲ့ မောင်နှမ ဘာသံမှမထွက်ဘူးလို့ ချီးကျူးကြတော့ ရယ်ချင်လိုက်တာလေ။ ကြောက်လို့အသံတောင်မထွက်ရဲတာကို သူတို့သိပုံမရဘူး။ ၂၈မိုင်ပဲဝေးတဲ့ခရီးကို တစ်နေကုန်အောင်သွားခဲ့ကြရတယ်။
အခုတော့ အင်းတော်-ဗန်းမောက်သွား ကတ္တရာလမ်းကိုရဖို့ သစ်တောကြီးတွေကို ရင်းခဲ့ကြပြီပေါ့။ ဟိုတုန်းကတော့ ချောင်းကူးဖို့တောင် သစ်ပင်အလုံးလိ်ုက်ခုတ်ပြီး သစ်လုံးတံတားလုပ်ပစ်လိုက်ကြတာ။ ခုထိ သစ်အလုံးလိုက်ခြံစည်းရိုးခပ်ထားတဲ့ လယ်မြေတွေ လမ်းတလျောက်တွေ့နိုင်သေးတယ်။ ဟိုတုန်းက တစ်နေကုန်ခရီးကို ခုတော့ ၂နာရီတောင် မမောင်းရတော့ပါလား ကိုလေးရေ။
ရွှေထွက်တဲ့ ဗန်းမောက်တောမြို့လေးဟာ ခုတော့ မြို့ဆန်ခဲ့ပေါ့။ မြို့လယ်လမ်းပေါ်မှာ ဆိုင်တွေအစီအရီနဲ့၊ “နွေမှာ ဇရစ် မိုးမှာ မျှစ် ဆောင်းမှာ မုန်ညင်း ဗန်းမောက်ဟင်း” လို့ စာချိုးရလောက်အောင် ဟင်းရွက်ဟင်းသီးပေါတဲ့ မြို့ကလေးဟာ မြိုင်မဆန်တော့ရှာဘူး။
အရပ်ထဲက စိတ်မနှံ့တဲ့လူတစ်ယောက်က ခြိမ်းခြောက်နှောင့်ယှက်လို့ ညီမလေးတို့မိသားစု လုံခြုံရေးအတွက် ကင်းလာလာစောင့်ပေးခဲ့ရှာတဲ့ ရပ်ရွာပြည်သူ့စစ် ပညာရေးဝန်ထမ်း ကိုဝင်းရွှေက အခုတော့ NLDပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရလို့ အမတ်မင်း ကိုဝင်းရွှေဖြစ်နေပြီ။ စိတ်မနှံ့တဲ့သူက ဓါးနဲ့လိုက်ခုတ်လို့ ထွက်ပြေးခဲ့ရတဲ့ ကိုလေးသာသိရင် သူ့ဘော်ဒီဂါတ် ကိုဝင်းရွှေအတွက် သိပ်ဝမ်းသာမှာ။
ဗန်းမောက်မှာ နှစ်ချီပြီးနေခဲ့တဲ့ မောင်လေးက သူ့သူငယ်ချင်းတွေအိမ်ကို သွားလည်ဖို့ မေးတော့ အတော်များများ မရှိရှာကြတော့ဘူး။ ဘိန်းဖြူ နံပါတ်ဖိုးရဲ့ သားကောင်တွေ ဖြစ်ကုန်ကြတယ်လို့ ကိုဝင်းရွှေကပြောတယ်။ ကိုလေးနဲ့ တမလွန်မှာများ ဆုံဖြစ်နေကြလား မသိဘူးနော်။
ကိုလေးမှတ်မိလား၊ ညီမလေးတို့နေခဲ့တဲ့ ကော်ဖီခြံလေးနဲ့ မြေစိုက်အိမ်လေးနေရာမှာ ခုတော့ တိုက်ကြီးဟီးနေပြီ။ ပျင်းပျင်းရှိတိုင်း ညီမလေးကို ကော်ဖီသီးတွေနဲ့လိုက်ပေါက်ပြီး စတတ်တဲ့ ကိုလေးလေ။ ကော်ဖီပင်တွေရှိနေသေးလို့သာ အဲဒီအိမ်ကိုမှတ်မိတော့တာ။ ခြံထောင့်က ရှောက်ပန်းသီးပင်ကြီးကိုတော့ ခုတ်ပစ်လိုက်ကြပြီ။ စားစရာမရှိရင် ရှောက်ပန်းသီးသုပ်နဲ့ထမင်းဖြူနဲ့နေ့လည်စာစားတတ်ကြတဲ့ အတူနေ ဆရာမအပျိုကြီးတွေ ကိုလည်းလွမ်းစရာ။
ညီမလေးတို့ ရေဆင်းဆင်းချိုးနေကြ ဗန်းမောက်ချောင်းလေးက တောင်ပေါ်မှာ ရွှေအကြီးအကျယ်တူးကြတာကြောင့် ရေတွေမသန့်တော့ဘူးတဲ့။ အရင်တုန်းက ကျောက်စရစ်ခဲတွေပေါ်ကဖြတ်ဆင်းလာတဲ့စမ်းချောင်းရေကြည်ကြည်လေးထဲမှာ စိမ်လိုက်ရရင် အေးစိမ့်သွားတဲ့အရသာက ဘာနဲ့မှမတူဘူး၊ ဘေးတစ်ဖက်တစ်ချက်က တောင်စဉ်တောင်တန်းစိမ်းစိမ်းတွေနဲ့၊ အနီးအနားမှာ ဒယ်ပြားလေးတွေနဲ့ တစ်နိုင်တစ်ပိုင် ရွှေကျင်နေကြတဲ့ ဒေသခံတွေနဲ့၊ ခုတော့လည်း ဘယ်သူမှ ရေချိုးမဆင်းနိုင်ကြ တော့ဘူးတဲ့။
စကားမစပ်…ကိုလေးရေ…ညီမလေးတို့အင်းတော်ကနေ ဗန်းမောက်ထွက်လာတဲ့လမ်းမှာ မိုးတွေလေတွေသည်းလိုက်တာ၊ ကိုယ်တွေကို ကြိုနေသလားမှတ်ရတယ်။ ညီမလေးတို့သွားခွင့်မကြုံခဲ့တဲ့ ဇလုံတောင်ကို မနက်ဖန်သွားကြမှာမို့ မိုးတိတ်ပါစေ ဆုတောင်းရတယ်။ မိုးရွာရင် ဇလုံတောင်လမ်းကလည်း ကားသွားလို့မရဘူးတဲ့။ မိုးတော့ တဖြည်းဖြည်းနဲ့ တိတ်သွားပြီ ကိုလေး၊ မနက်ဖန်မနက် ဇလုံတောင်ကို အတူသွားရအောင် လိုက်ခဲ့နော်။ ဇလုံတောင်တကြောမှာ သစ်ပင်တွေကျန်သေးလား သွားကြည့်ကြရအောင်လေ။

Comments